Samsung ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Galaxy W21 5G ကို ဖြန့်ချိခဲ့ပါတယ်။ ဒီဟန်းဆက်ဟာ Galaxy Z Fold2 ထက် ပိုရှည်တဲ့ဒီဇိုင်း၊ မျက်ရည်ဝိုင်းချင်စရာဈေးနှုန်းတွေနဲ့ တရုတ်ပြည်တွင်းဈေးကွက်မှာပဲ သီးသန့်ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။

အခုလည်း Samsung ဟာ Galaxy W21 5G လိုမျိုးပဲ တရုတ်ပြည်တွင်းဈေးကွက်မှာ သီးသန့်ရောင်းချမဲ့ Device အဖြစ် Galaxy Z Fold3 ကိုအခြေခံပြီးထုတ်လုပ်ဖို့ ပြင်ဆင်နေပြန်ပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ SamMobile ကဖော်ပြတဲ့သတင်းမှာတော့ W22 5G အဖြစ်နဲ့ ထုတ်လုပ်မယ်လို့ သိရပါတယ်။ ထုတ်လုပ်မှုလမ်းကြောင်းပေါ်လည်း ရောက်နေပြီလို့ ဆိုပါတယ်။

Galaxy W22 5G ရဲ့မော်ဒယ်နံပါတ်က SM-W2022 ဖြစ်ပြီး သိုလှောင်မှုပမာဏက 512GB ဖြစ်သလို၊ အရောင်ကတော့ အနက်ရောင်ဖြစ်တယ်လို့ SamMobile က အခိုင်အမာရေးသားဖော်ပြထားပါတယ်။ Galaxy Z Fold 3 မှာ 512GB အမျိုးအစားလည်းရှိနိုင်တယ်လို့ လွန်ခဲ့တဲ့ရက်ပိုင်းက Phone Arena မှာဖော်ပြခဲ့တဲ့သတင်းနဲ့ ဆက်စပ်လိုက်ရင်တော့ ပိုပြီးစိတ်ဝင်စားစရာကောင်းသွားတယ်လို့ ဆိုရပါလိမ့်မယ်။

လက်ရှိအချိန်အထိတော့ SM-W2022 ဟာ Galaxy Z Fold2 နဲ့ ဘယ်လိုကွာခြားချက်တွေရှိမလဲဆိုတာကို မသိနိုင်သေးပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ Galaxy W21 5G ကို $3,088 နဲ့ တရုတ်ပြည်တွင်းဈေးကွက်မှာ ရောင်းချခဲ့ပါတယ်။ နှိုင်းယှဉ်ကြည့်ရင် Z Fold2 ရဲ့ဈေးနှုန်းက $2,625 ဖြစ်ပါတယ်။ Galaxy W21 က ဈေးနှုန်းပိုကြီးပေမဲ့ ပိုရှည်တဲ့အရွယ်အစား၊ ရွှေရောင်ဒီဇိုင်းပဲ ကွာခြားသွားတာပါ။

ဒီအစဉ်အလာအတိုင်းပဲဆိုရင်တော့ W22 5G ရဲ့ဈေးနှုန်းကလည်း Galaxy Z Fold3 ထက် ပိုများနေဦးမယ်လို့ ခန့်မှန်းရပါတယ်။ Samsung အနေနဲ့ Galaxy Z Fold 3 ကို သြဂုတ်လမှာ ဖြန့်ချိပြီးသွားရင်၊ W22 5G ကို တရုတ်ပြည်တွင်းဈေးကွက်မှာပဲ သီးသန့်အနေနဲ့ ဖြန့်ချိမယ်လို့ SamMobile က ရေ:သားထားပါသေးတယ်။

Ref: Android Authority