Samsung ကုမ္ပဏီဟာ ယခုနှစ်အစောပိုင်းမှာ Flagship S23 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။​ ပုံမှန်အားဖြင့် နှစ်ဝက်နောက်ပိုင်း သြဂုတ်လဝန်းကျင်မှာ Foldable ဖုန်းတွေကို မိတ်ဆက်နေကြဖြစ်တာကြောင့် ယခုနှစ်အတွက် Foldable ဖုန်းသစ်တွေဖြစ်လာမယ့် Galaxy Z Fold 5 နဲ့ Galaxy Z Flip 5 ဖုန်းတွေကို မကြာခင်မြင်တွေ့ရတော့မှာပါ။

အခုနောက်ဆုံးသိရှိရတဲ့သတင်းတစ်ခုအရ Samsung ဟာ ယခုနှစ်မှာ ပုံမှန်ထက် Foldable ဖုန်းတွေကို စောပြီး မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။​ ဒီလိုမျိုး ပုံမှန်ထက်စောပြီး မိတ်ဆက်ဖို့ ဆုံးဖြတ်လိုက်တာက ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ Google ရဲ့ Pixel Fold ဖုန်းအသစ် မိတ်ဆက်မယ့်အချိန်အပြင် Apple iPhone အသစ်တွေ မိတ်ဆက်မယ့်အချိန်နဲ့ တိုက်နေမှာကို ရှောင်လွှဲချင်တာကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။

Samsung Galaxy Z Fold 5 နဲ့ Galaxy Z Flip 5 ဖုန်းတွေဟာ လာမယ့် ဇူလိုင်လအတွင်းမှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပြီး ပုံမှန်ထက် ၁ လဝန်းကျင်ခန့်စောပြီး မိတ်ဆက်မှာဖြစ်ပါတယ်။ ဒါ့အပြင် Display Industry Analyst တစ်ဦးဖြစ်တဲ့ Ross Young ရဲ့ ပြောကြားချက်အရ Samsung ဟာ Galaxy Z Flip 5 ဖုန်းတွေကို ယခင်နှစ်က Galaxy Z Flip 4 ထက် ၂ ဆဝန်းကျင် ပိုမိုထုတ်လုပ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် Samsung ဟာ ယခုနှစ်မှာ Galaxy Z Flip 5 ဖုန်းကို အဓိကဦးစားပေးရောင်းချဖို့ စီစဥ်ထားတာဖြစ်ပြီး အပြင်ဘက် Cover Display ကိုလည်း အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားမှာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ Galaxy Z Fold 5 ဖုန်းဟာ မနှစ်တုန်းက Galaxy Z Fold 4 နဲ့ ဒီဇိုင်းပိုင်းမှာ အတော်များများဆင်တူနေဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ရဲ့ Foldable ဖုန်းတွေဟာ စျေးကွက်အတွင်းမှာ အအောင်မြင်ဆုံး Foldable ဖုန်းတွေဖြစ်တာကြောင့် ယခုနှစ်မှာ ဘယ်လိုအခြေအနေရှိမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China