Samsung ဟာ လက်ရှိစမတ်ဖုန်းဈေးကွက်ထဲမှာ ကိုယ်ပိုင် Processor ကိုပါ ထုတ်လုပ်တဲ့ ရှားရှားပါးပါး ထုတ်လုပ်သူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ Flagship ဖုန်းတွေမှာလည်း ကိုယ်ပိုင် Exynos ချစ်ပ်ဆက်တွေကို Qualcomm Snapdragon ချစ်ပ်ဆက်တွေနဲ့အတူ အသုံးပြုထည့်သွင်းလေ့ရှိပါသေးတယ်။

အခုအခါ Galaxy S20 စီးရီးထွက်လာတဲ့အခါမှာလည်း ဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းလာပေမယ့် Exynos 990 သုံးထားတဲ့ဖုန်းတွေဟာ SD865 အသုံးပြုဟန်းဆက်တွေနဲ့ စွမ်းဆောင်ရည်ပိုင်းကွာခြားမှုရှိတယ်လို့ ဖော်ပြမှုတွေ ရှိလာခဲ့ပါတယ်။ ဒါ့ကြောင့် SamMobile ရဲ့ထုတ်ပြန်ချက်တစ်ခုထဲမှာတော့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ သူတို့ရဲ့ High-end စမတ်ဖုန်း ဗားရှင်းနှစ်မျိုးလုံးဟာ ထပ်တူထပ်မျှ စွမ်းဆောင်ရည်ရှိတယ်လို့ ဖြေရှင်းခဲ့ပါတယ်။

Samsung ဟာ Exynos ချစ်ပ်တွေကို ဖန်တီးထုတ်လုပ်လာတာ အတော်လေးကြာမြင့်ပြီဖြစ်ပေမယ့် Qualcomm ရဲ့ ဂုဏ်သတင်းကိုတော့ မယှဉ်နိုင်သေးပါဘူး။ ဒါပေမယ့် ချစ်ပ်ဆက်မတူညီတဲ့ ဗားရှင်းတွေကို ကွဲပြားတဲ့နိုင်ငံတွေရဲ့ ဈေးကွက်တွေမှာ ခွဲခြားတင်ပို့လာတဲ့အခါမှာ ဈေးနှုန်းကိုလည်း အတူတူပဲထားရှိရောင်းချလေ့ရှိပါတယ်။

ယခင်မျိုးဆက်ထက် ဈေးကြီးတဲ့ Galaxy S20 စီးရီးကို မိတ်ဆက်တဲ့အခါမှာ တရုတ်၊ အမေရိကန်နဲ့ တောင်ကိုရီးယားဈေးကွက်တွေမှာသာ Snapdragon 865 ဗားရှင်းကိုရရှိပြီး ကျန်တဲ့ဒေသတွေမှာ Exynos 990 နဲ့ပဲ တင်ပို့လာမယ်ဆိုတဲ့အတွက်လည်း အခုလိုဝေဖန်သံတွေ ပိုထွက်လာခဲ့တာဖြစ်ပါတယ်။

Ref – GizmoChina