Samsung ဟာ လာမယ့် သြဂုတ်လ ၁၀ ရက်နေ့မှာ Galaxy Unpacked Event ကိုပြုလုပ်သွားမယ်ဆိုပြီး တရားဝင်ကြေညာထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ်အတွက် Samsung ရဲ့ Foldable ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy Z Fold4 ဖုန်းနဲ့ Galaxy Z Flip4 ဖုန်းတွေကို တွေ့မြင်ရတော့မှာပါ။

အခုလိုမျိုး Samsung ရဲ့ Foldable စမတ်ဖုန်းအသစ်တွေကို မမြင်တွေ့ရသေးခင်မှာ Samsung ရဲ့ Mobile President ဖြစ်တဲ့ TM Roh ကနေ Blog Post တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ Blog Post ရဲ့ အဓိကအကြောင်းအရာကတော့ လက်ရှိအချိန်မှာ အသုံးပြုသူအများအပြားဟာ Foldable ဖုန်းတွေကို ရွေးချယ်လာကြပြီးတော့ Foldable ဖုန်းတွေရဲ့ ခေတ်ကို ရောက်ရှိနေပြီဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။

TM Roh ရဲ့ ဖော်ပြချက်မှာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက Samsung ရဲ့ ပထမဆုံးသော Galaxy Foldable ဖုန်းတွေကို မိတ်ဆက်တဲ့အချိန်တုန်းက လူတွေက ယုံကြည်မှုမရှိခဲ့ပေမယ့် အခုအချိန်မှာတော့ လူပေါင်း သန်းနဲ့ချီပြီး Foldable ဖုန်းတွေကို ရွေးချယ်လာကြပြီဆိုပြီး ပါဝင်ခဲ့ပါတယ်။ ဒါကလည်း Foldable ဖုန်းတွေဟာ အသုံးပြုသူတွေရဲ့ လူနေမှုဘဝပုံစံအတွက် ပိုပြီး အဆင်ပြေသင့်လျော်လာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တစ်နှစ်တည်းမှာတင် Samsung အနေနဲ့ Foldable ဖုန်းတွေကို အလုံးရေ ၁၀ သန်းနီးပါးရောင်းချရတယ်ဆိုပြီး ဖော်ပြခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ တကမ္ဘာလုံးမှာရှိတဲ့ စမတ်ဖုန်းရောင်းချရမှုနဲ့ ယှဥ်မယ်ဆိုရင် နည်းပါးနေသေးပေမယ့် Samsung အတွက်ကတော့ အခုပမာဏဟာ ၂၀၂၀ ခုနှစ်အတွက် Foldable ဖုန်းတွေရဲ့ ရောင်းအားနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ၃၀၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တာဖြစ်ပါတယ်။

Samsung ဟာ မကြာခင်မှာ မိတ်ဆက်သွားမယ့် Galaxy Z Fold4 နဲ့ Galaxy Z Flip4 တွေကိုလည်း အများအပြားရောင်းချသွားဖို့ စီစဥ်ထားပြီး တိုးတက်မှုတွေကိုလည်း အများအပြားပြုလုပ်ထားမယ့်အတွက် ဘယ်လောက်အောင်မြင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – The Verge