Google ဟာ ပြီးခဲ့တဲ့မေလတုန်းက Android 14 OS အသစ်ကို Google I/O Event မှာ တရားဝင်မိတ်ဆက်သွားပြီးဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ တရားဝင် Official Stable Version ကို ထုတ်ပေးခြင်းမရှိသေးဘဲ Google Pixel ဖုန်းတွေအပါအဝင် တချို့သော စမတ်ဖုန်းတွေပဲ Beta Version ကို စမ်းသပ်အသုံးပြုနိုင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် Samsung ကတော့ လက်ရှိအချိန်အထိ Android 14 OS အသစ်ကို အသုံးပြုသူတွေအတွက် Beta Version အနေနဲ့တောင် မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။ ဒါကလည်း Samsung အနေနဲ့ One UI 6 Version အသစ်ကို Android 14 OS အပေါ်မှာ အခြေခံပြီး ဆောင်ရွက်နေတာကြောင့် အခုလိုအချိန်နှောင့်နှေးကျန့်ကြာနေတာဖြစ်နိုင်ပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတစ်ခုအရ Samsung ဟာ လာမယ့် ဇူလိုင်လအတွင်းမှာ OneUI 6.0 Beta ကို အသုံးပြုသူတွေအတွက် ထုတ်ပေးသွားဖို့ စီစဥ်နေပြီလို့ သိရပါတယ်။ အစောဆုံး One UI 6.0 Beta ကို အသုံးပြုနိုင်မယ့် Samsung Device တွေက Galaxy S23 Series ဖြစ်လာမယ့်အပြင် လာမယ့် ဇူလိုင်လ တတိယပါတ်အတွင်းမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

လောလောဆယ်မှာ Google ကနေ Android 14 OS အတွက် Beta 3 အထိ ရောက်ရှိနေပြီဖြစ်ပြီး လာမယ့် သြဂုတ်လကုန်၊ စက်တင်ဘာလအတွင်းမှာ Stable Version ကို ထုတ်ပေးသွားတော့မှာဖြစ်ပါတယ်။ ဒါကြောင့် Samsung အနေနဲ့ ဇူလိုင်လမှ OneUI 6.0 Beta စထုတ်ပေးတဲ့အတွက် Stable Update ကို ယခုနှစ်ကုန်ပိုင်းမှပဲ ရရှိမယ်လို့ ခန့်မှန်းရပါတယ်။

Samsung ဟာ ဇူလိုင်လကုန်ပိုင်းမှာ Galaxy Foldable ဖုန်းသစ်တွေဖြစ်တဲ့ Galaxy Z Fold5 နဲ့ Galaxy Z Flip5 လိုမျိုးဖုန်းတွေကို မိတ်ဆက်မယ့် Galaxy Unpacked Event ကို ကျင်းပဖို့ရှိနေတာကြောင့် အဆိုပါ Event မှာပဲ OneUI 6.0 ကို တရားဝင်မိတ်ဆက်သွားနိုင်ပါတယ်။

Ref – Gizmo China