SamMobile ရဲ့ ရေးသားဖော်ပြချက်အရ Samsung ဟာ စမတ်နာရီဈေးကွက်ရဲ့ Ultra-premium အပိုင်းအခြားထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အဓိပ္ပါယ်ကတော့ တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ Ultra-premium စမတ်နာရီကို ရောင်းချတော့မယ်ဆိုတာပဲ ဖြစ်ပါတယ်။

ကနဦးသတင်းတွေမှာတော့ Samsung ရဲ့ နောက်ဆုံးပေါ် Galaxy Smart watch မှာ ကိုယ်ထည်တည်ဆောက်မှုပိုင်းဆိုင်ရာ အပြောင်းအလဲကြီးကြီးမားမား တွေ့နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အခုတော့ အဲဒီတုန်းက ထွက်ခဲ့တဲ့သတင်းတွေအတိုင်း အမှန်တကယ်လုပ်ဆောင်နေပြီလို့ ဆိုနိုင်ပါတယ်။

Samsung ရဲ့ စမတ်နာရီသစ်ဟာ တိုက်တေနီယမ် (Titanium) ဗားရှင်းလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ SamMobile ကတော့ ဒီဗားရှင်းဟာ အတော်အတန်ဈေးကြီးမယ်လို့ ဆိုထားပေမယ့် ကိန်းဂဏန်းအားဖြင့်တော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။ ပေါ့ပါးပြီး ခိုင်ခံ့တဲ့ ကိုယ်ထည်နဲ့ ဒီစမတ်နာရီသစ်ဟာ မျက်စိပသာဒရှိမယ်ဆိုတာတော့ သံသယဖြစ်စရာမလိုလောက်ပါဘူး။

Samsung အနေနဲ့ တိုက်တေနီယမ် စမတ်နာရီကို ထုတ်လုပ်ပြီး Apple နဲ့ ထိပ်တိုက်တွေ့ဆုံယှဉ်ပြိုင်ဖို့ ကြံစည်နေတာလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အစီရင်ခံစာအရ စမတ်နာရီသစ်ဟာ 8GB Internal Storage ပါရှိမှာဖြစ်ပြီး ကိုယ်ထည်က ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ်၊ ဘက်ထရီကို 330mAh အထိ မြှင့်တင်ပေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် Physical rotation bezel ဘက်ကိုလည်း ပြန်သွားမယ်လို့ သိရပါတယ်။

Ref: GSM Arena