ဆော်ဒီအာရေဗျ မင်းသား တစ်ယောက်ရဲ့ အကောင့်လို့ဆိုတဲ့ Purrrrfect Yuki အမည်ရ Dota 2 အကောင့်ပိုင်ရှင်ဟာ သူ့ရဲ့ Steam Profile ကနေ Dota 2 ပရိသတ်တွေကို ဆွေ့ဆွေ့ခုန်အောင် အမြဲလုပ်နေတဲ့ အရာကတော့ နှစ်စဉ် သူတင်နေကျ Battle Pass Level တွေပါပဲ။ သူက Dota 2 Battle Pass မှာ ငွေပမာဏ အများကြီး သုံးစွဲသူ အဖြစ် လူသိများပြီး ဒီနှစ် TI10 Battle Pass မှာလည်း ထုံးစံအတိုင်း သူ့ရဲ့ မှတ်တိုင်တစ်ခု အနေနဲ့ Level ၉၀၀၀၀ ကျော်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဆော်ဒီမင်းသားလို့ အတည်ပြုထားကြတဲ့ သူဟာ ကမ္ဘာတစ်ဝန်းရှိ စိတ်အားထက်သန်တဲ့ Dota 2 ဝါသနာရှင်တွေထဲက တစ်ယောက်ဖြစ်ကာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကြောင့် နှစ်စဉ်ထွက်ရှိတဲ့ Dota 2 Battle Pass ဟာ သူ့တစ်ယောက်နဲ့တင် ဝင်ငွေတွေ အများကြီး ရရှိနေတာပဲ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ Battle Pass မှာလည်း သူက Level ၉၃၉၉၅ ကိုရောက်ရှိနေပြီး လက်ရှိမှာ ဒုတိယ Level အများဆုံးသူထက် ၂၃ Level ပိုများနေပါတယ်။ ဒီအနေအထားထိ ရောက်ရှိဖို့ သူက အမေရိကန်ဒေါ်လာ ၃၉,၁၃၁ သုံးခဲ့ရပါတယ်။ Battle Pass ရဲ့ ဝင်ငွေ ၂၅% က TI ဆုကြေးငွေထဲကို ရောက်သွားမှာဖြစ်တဲ့ အတွက် TI ဆုကြေးထဲကို သူ့တစ်ဦးထဲကနေ ၉,၇၈၃ ဒေါ်လာ ရောက်ရှိသွားတယ်လို့ ဆိုရမှာပါ။

သူက Battle Pass ရဲ့ ထိပ်ဆုံးနေရာကို ဒီနှစ်တစ်နှစ်ပဲ ဗိုလ်စွဲခဲ့တာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ သုံးနှစ်လုံးမှာလည်း သူက အမြင့်ဆုံးမှာ ရှိနေခဲ့တာပါ။ သူ့ရဲ့ စံချိန်တင် အမြင့်ဆုံးရောက်ခဲ့တဲ့ Battle Pass Level ကတော့ ၂၀၁၇ တုန်းက ရရှိခဲ့တဲ့ Level ၁၇၅,၄၅၇ ဖြစ်ပါတယ်။ အဲ့လိုမျိုး သူ Dota 2 ကို ဝန်းရံလာခဲ့တာ ၂၀၁၈ မှာ Level ၁၀၁,၁၂၇ ကိုရောက်ခဲ့ပြီး ၂၀၁၉ မှာတော့ Level ၅၁,၃၅၄ ကို ရောက်ရှိခဲ့ပါတယ်။

သူဟာ Dota 2 ကို ၂၀၁၁ တည်းက ဆော့ခဲ့တာ ဖြစ်ပြီး ပွဲပေါင်း ၁၀,၀၀၀ ကျော် ဆော့ကစားထားကာ ဂိမ်းထဲမှာ နာရီ ၂၀,၀၀၀ ကျော် ရှိနေခဲ့တာလို့ Steam ကနေတဆင့် သိရပါတယ်။

Ref – Afkgaming