တရုတ်က Taikobot အမည်ရ လူတူစက်ရုပ်ကို တရုတ် Tiangong အာကာသစခန်းကို ပို့ဆောင်တော့မှာ ဖြစ်ပါတယ်။ အဲဒီစက်ရုပ်ဟာ အာကာသစခန်းမှာ လူသား အာကာသယာဉ်မှူးတွေကို ကူညီပေးမှာ ဖြစ်ပါတယ်။

အမျိုးသား ကာကွယ်ရေး နည်ပညာ တက္ကသိုလ်က Taikobot ကို တီထွင်ထားတာဖြစ်ပါတယ်။ အဲဒီစက်ရုပ်ကို ကမ္ဘာမြေပေါ်က Tiangong နဲ့ တူအောင် တည်ဆောက်ထားတဲ့ အာကာသစခန်းမှာ စမ်းသပ်မှုတွေ ပြုလုပ်ပြီးပါပြီ။ အာကာသ စခန်းကို မပို့ဆောင်ခင် နောက်ဆုံး အဆင့် စမ်းသပ်မှုတွေ ပြုလုပ်မှာပါ။

Taikobot ဟာ ၅၅ ပေါင် အလေးချိန်ရှိပြီး အရပ်အမြင့် ၅ ပေ ၅ လက်မ ရှိပါတယ်။ တီထွင်သူတွေက အလုပ်များစွာကို တစ်ပြိုင်နက် လုပ်နိုင်တဲ့ စက်ရုပ် လက်တွေ တပ်ဆင်ထားတယ်လို့ ပြောပါတယ်။ စက်ရုပ်မှာ အလိုအလျှောက်သွားလာနိုင်အောင် အဆင့်မြင့် ဆန်ဆာနဲ့ ကင်မရာတွေ တပ်ဆင်ထားပါတယ်။ လူနဲ့ တူတဲ့ လက်တွေ တပ်ဆင်ထားတဲ့အတွက် လူသားတွေ လုပ်နိုင်တဲ့ အလုပ်တိုင်းကို ပြုလုပ်နိုင်ပါတယ်။

စက်ရုပ်ဟာ ကမ္ဘာမြေ ဆွဲအားအောက်မှာ လမ်းလျှောက်နိုင်သလို အာကာသမှာလည်း လမ်းလျှောက်နိုင်ပါတယ်။ စမ်းသပ်ကြည့်တဲ့အခါ Taikobot ဟာ ပစ္စည်းတွေ ရွှေ့တာ၊ ထိန်းသိမ်းတာနဲ့ တူ၊ ဝက်အူလှည့်လို Tools တွေကို ယူဆောင်ပေးတာတွေ ပြုလုပ်နိုင်ပါတယ်။

Taikobot ဟာ အာကာသစခန်းကို ပို့ဆောင်တဲ့ ပထမဆုံး လူတူစက်ရုပ် မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်မှာ နာဆာဟာ Robonaut 2 လူတူ စက်ရုပ်ကို နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်ခဲ့ပါတယ်။

Ref : interesting engineering