Sony ဟာ တရားဝင်ဖျက်သိမ်းလိုက်တဲ့ Mobile World Congress 2020 Event ကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပါဝင်ဖို့ကို ငြင်းဆိုခဲ့တဲ့ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ အခုလည်း နောက်ထပ် ဒီနှစ်အတွက် အထင်ကရ Event တစ်ခုကို ကိုရိုနာဗိုင်းရပ်ကြောင့်ပဲ လက်လျော့လိုက်ပြန်ပါပြီ။

ဒါကတော့ လာမယ့် မတ်လ ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်းမှာ San Francisco မှာရှိတဲ့ Moscone Center မှာ ပြုလုပ်သွားမယ့် Game Developers Conference (GDC) 2020 Event ကို လက်လျော့လိုက်ပတာပဲဖြစ်ပါတယ်။ Sony ရဲ့ တရားဝင်ထုတ်ပြန်ချက်အရတော့ အခုလိုမျိုး ဆုံးဖြတ်ရတာက ခက်ခဲပေမယ့် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေများပြားလာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်အပြင် တကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုကန့်သတ်ချက်တွေကလည်း နေ့စဥ်ပြောင်းလဲနေပြီး ဒီလိုမျိုး မပါဝင်ဖြစ်တာကို စိတ်မကောင်းပေမယ့်လည်း ကုမ္ပဏီရဲ့ လုပ်သားတွေ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရဖို့ကအရေးအကြီးဆုံးဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Sony ဟာ အဆိုပါ GDC Event မှာ PS5 ကိုတော့ မိတ်ဆက်သွားဖို့အစီအစဥ်မရှိပေမယ့် The Last of Us Part II နဲ့ Final Fantasy VII Remake ဂိမ်းအသစ်တွေကို မိတ်ဆက်သွားနိုင်ခြေရှိတယ်ဆိုပြီး ခန့်မှန်းထားကြတာဖြစ်ပါတယ်။ ဒီလိုမျိုး GDC ကိုတက်ရောက်မှာမဟုတ်ပေမယ့်လည်း Online ကနေပဲ မိတ်ဆက်သွားဖို့များနေပါတယ်။

Sony အပြင် Facebook ကလည်း အဆိုပါ GDC Event ကို တက်ရောက်မှာမဟုတ်တော့ဘူးဆိုပြီး ထုတ်ပြန်ခဲ့ပါသေးတယ်။ Facebook အနေနဲ့ကတော့ ကြီးကြီးမားမားပြသဖို့မရှိပေမယ့် Oculus VR နည်းပညာနဲ့ ပတ်သက်တဲ့နည်းပညာအချို့ကိုပဲ ပြသနိုင်ခြေများနေတာဖြစ်ပါတယ်။

GDC ကတော့ ဘာပဲဖြစ်ဖြစ် Event တစ်ခုလုံးကိုတော့ Cancel ပြုလုပ်မှာမဟုတ်ဘဲ အဲ့ဒီအစား ကျန်းမာရေးအတွက် စိတ်ချရအောင် သေချာဂရုစိုက်သွားမယ်ဆိုပြီး ထုတ်ပြန်ထားခဲ့ပါတယ်။

Ref – Android Central