Sony ကနေ လာမယ့် ၂၀၁၈ မှာ စမတ်ဖုန်းတွေအမြောက်အများထုတ်လုပ်ဖို့ ကြံစဉ်နေပုံပါပဲ။ ဘာဖြစ်လို့လဲဆိုရင် ယခင်ရက်ပိုင်းက Sony ရဲ့ ဘေးဘောင်ပျောက်ဖုန်း ၂ လုံးရဲ့ ပုံရိပ်တွေ ပေါက်ကြားလာသလိုပဲ အခုအချိန်မှာလည်း နောက်ထပ် Sony Xperia ဖုန်းတစ်လုံးလို့ ယူဆရတဲ့ Codename H8216 အမည်နဲ့ ထပ်မံပြီး သတင်းတွေပေါက်ကြားခဲ့လို့ ဖြစ်ပါတယ်။

အခုတစ်ခါပေါက်ကြားလာတဲ့ Sony Xperia ဖုန်းက ယခင်တုန်းက ပေါက်ကြားခဲ့သလိုမျိုး ဘောင်ပျောက်ဖုန်းမဟုတ်ပဲ သာမန် Sony Xperia ဖုန်းတစ်ခုလို့ ပြောလို့ရတဲ့အတွက် Sony XZ1 နေရာကို ဆက်ခံလာမယ့် High End Phone တစ်ခုဖြစ်လာလောက်မှာပါ။

အဆိုပါ Sony Xperia ဖုန်းမှာ 5.5″ Full HD Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Snapdragon 845 CPU ၊ RAM 6GB နဲ့ Storage 64GB ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Specification အနေနဲ့ Sony XZ1 ထက်အများကြီးပိုပြီးပြောင်းလဲသွားမှာမဟုတ်ပေမယ့် ကင်မရာပိုင်းမှာတော့ ပြောင်းလဲသွားမှာဖြစ်ပါတယ်။

အဆိုပါ Sony Xperia ဖုန်းမှာ Dual Camera ကို စတင်အသုံးပြုလာမှာဖြစ်ပြီး နောက်ကျောဘက်မှာ 12 MP Camera ၂ ခုကို တပ်ဆင်ထားမှာဖြစ်ပါတယ်။ အရှေ့ဘက် selfie camera ကတော့ 15 MP Camera ပါဝင်လာမယ်လို့ သိရပါတယ်။ Battery အနေနဲ့ကတော့ 3130mAh Battery ပါဝင်လာပြီး Android Version 8.1 Oreo နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။