၂၀၂၀ မှာ စမတ်ဖုန်းဈေးကွက် ကျဆင်းသွားခဲ့တဲ့နောက် ထိခိုက်ကြသူတွေထဲမှာ Image Sensor supplier တွေလည်း ပါဝင်ပါတယ်။ တချို့ Supplier တွေကတော့ အဆိုးဆုံးတွေကို ကြုံတွေ့ကြရပြီး တချို့ကတော့ သာမန်လောက်ပဲ ခက်ခဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ SONY ကတော့ ဒီကာလတွေလွန်လာချိန်မှာ နှစ်စဉ် ဝင်ငွေတိုးလာတဲ့ တစ်ခုတည်းသော Supplier အဖြစ် ရပ်တည်နေပါတယ်။


ခေတ်ပျက်ကြီးမှာ SONY ဝင်ငွေတိုးလာရတဲ့အကြောင်းရင်းကတော့ Apple က iPhone 14 စီးရီးက ကင်မရာတွေကို အဆင့်မြှင့်တင်လာခြင်းကြောင့် ဖြစ်ပါတယ်။ Pro မော်ဒယ်နှစ်ခုဟာ ပင်မကင်မရာတွေမှာ 48MP sensor အသစ်တွေဖြစ်လာပါတယ်။ Ultra-wide ကင်မရာတွေမှာလည်း ပိုကြီးတဲ့ 12MP sensor တွေ သုံးလာပါတယ်။ မော်ဒယ်လေးခုစလုံးက Selfie ကင်မရာတွေမှာလည်း Auto focus နဲ့ အဆင့်မြှင့်တင်လာပါတယ်။

Apple ဟာ SONY sensor တွေကိုပဲ သီးသန့်အသုံးပြုတာကြောင့် ဂျပန်အခြေစိုက် နည်းပညာကုမ္ပဏီရဲ့ ဝင်ငွေကလည်း တိုးလာတာ ဖြစ်ပါတယ်။ SONY ဟာ ၂၀၂၂ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ယူနစ်တစ်ခုအတွက် ၆ ဒေါ်လာ ပိုရတာကြောင့် စုစုပေါင်း ဒေါ်လာ သန်း ၃၀၀ ဝန်းကျင် ပိုရလာတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရလဒ်ကတော့ SONY ဟာ တစ်နှစ်တာအတွက် စုစုပေါင်း ဝင်ငွေရဲ့ ၅၄% ရာခိုင်နှုန်းကို ရယူနိုင်ခဲ့ပြီး ၂၀၂၁ ကာလတူနဲ့ နှိုင်းယှဉ်ရင် ၅ ရာခိုင်နှုန်း တိုးသွားတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena