Spotify ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Music Streaming Service တစ်ခုဖြစ်ပါတယ်။ ဒါကလည်း Apple Music နဲ့မတူညီဘဲ Spotify ဟာ အခမဲ့အသုံးပြုနိုင်တဲ့ Free Tier ကိုပါ ထည့်သွင်းပေးထားတာကြောင့်လို့ ပြောလို့ရပါတယ်။

Spotify ကို အခမဲ့အသုံးပြုနိုင်တယ်ဆိုပေမယ့် အားနည်းချက်တွေအနေနဲ့ကတော့ ကြော်ငြာတွေပါဝင်တာနဲ့ ကိုယ်နားဆင်ချင်တဲ့သီချင်းကို စိတ်ကြိုက်နားထောင်နိုင်ခြင်းမရှိတာဖြစ်ပါတယ်။ အဲ့ဒီအတွက် နှစ်သက်တဲ့ Artist သို့မဟုတ် Playlist ကိုပဲ Shuffle ပြုလုပ်နားဆင်နိုင်ပြီး ကျော်နိုင်တဲ့သီချင်းအပုဒ်ရေကလည်း အကန့်အသတ်ရှိနေပါသေးတယ်။

အဲ့ဒါကြောင့် ကိုယ်က Feature တွေအကုန်လုံးကို အသုံးပြုချင်တယ်ဆိုရင် အနည်းဆုံးတစ်လကို $9.99 ပေးရတဲ့ Premium Subscription Plan ကို ဝယ်ယူအသုံးပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါက တခြားသော Music Streaming Service တွေနဲ့ စျေးတူတယ်ဆိုပေမယ့် လူအများအတွက်ကတော့ စျေးနှုန်းမြင့်မားနေသေးတာဖြစ်ပါတယ်။

အဲ့ဒီအတွက် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Spotify ဟာ တစ်လကို 0.99$ ပဲ ကျသင့်မယ့် Spotify Plus Subscription Plan အသစ်ကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ ဒါက လက်ရှိ Premium Plan နဲ့ ယှဥ်မယ်ဆိုရင် ၁၀ ပုံ ၁ ပုံပဲရှိတာဖြစ်တဲ့အတွက် စျေးနှုန်းအလွန်သက်သာနေပြီဖြစ်ပါတယ်။

အဆိုပါ Spotify Plus Subscription Plan အသစ်ဟာ ကြော်ငြာတွေပါဝင်ဦးမှာဖြစ်ပြီး Free Plan နဲ့ အဓိကကွာခြားသွားတဲ့အချက်ကတော့ ကိုယ့်စိတ်ကြိုက်သီချင်းကို ရွေးချယ်နားဆင်နိုင်မှာပဲဖြစ်ပါတယ်။ Download ပြုလုပ်နိုင်မှာလည်း မဟုတ်ဘူးလို့သိရပါတယ်။

Spotify ရဲ့ ပြောကြားချက်အရတော့ ယခု Spotify Plus Plan အသစ်ကို Free Plan အသုံးပြုသူအချို့ကို စတင်စမ်းသပ်နေတုန်းလို့ သိရပြီး လုံးဝ Official အနေနဲ့ မိတ်ဆက်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။ Spotify ဟာ ယခုနှစ်အစောပိုင်းကလည်း Hi-Res Audio Support ပေးနိုင်တဲ့ HiFi Plan ကိုပါ ယခုနှစ်အတွင်းမှာ အသုံးပြုနိုင်အောင် မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

Ref – The Verge