လက်ရှိအချိန်မှာ လူသုံးများလာတဲ့ Messaging Platform တစ်ခုဖြစ်တဲ့ Telegram ဟာ ယခင်တုန်းက အခမဲ့အနေနဲ့ပဲ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Telegram ကနေ တစ်လကို $4.99 ကျသင့်မယ့် Telegram Premium Tier ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Telegram ကနေ အခုလိုမျိုး Premium Version အနေနဲ့ ထပ်မံမိတ်ဆက်လိုက်တာက Feature အသစ်တွေထည့်သွင်းသွားဖို့ဖြစ်ပြီး လက်ရှိ Free Version ကိုလည်း ပိုမိုထောက်ပံ့နိုင်စေဖို့ဖြစ်တယ်လို့ သိရပါတယ်။ Telegram Premium ကို ဝယ်ယူအသုံးပြုချင်တဲ့သူတွေအတွက်ကတော့ App Version ကို 8.8 အထိ တင်ထားဖို့လိုပြီး Settings ထဲကနေတစ်ဆင့် Telegram Premium ကို ရွေးချယ်ဝယ်ယူရမှာဖြစ်ပါတယ်။

Telegram Premium Version ဟာ အောက်ပါ အားသာချက်တွေရှိလာမယ်လို့လည်း သိရပါတယ်။

ကြော်ငြာပါဝင်ခြင်းမရှိခြင်း

လက်ရှိအချိန်မှာ Telegram ဟာ တချို့သော Region တွေမှာ Sponsored Message တွေနဲ့ ကြော်ငြာတွေကို ပြသနေပြီဖြစ်ပါတယ်။ ဒါပေမယ့် Telegram Premium မှာတော့ ကြော်ငြာပါဝင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

File Upload ပြုလုပ်မှုကို 4GB အထိ ရရှိနိုင်ခြင်း

Telegram Free Version ဟာ လက်ရှိအချိန်မှာ File တွေကို 2GB အထိ ပေးပို့နိုင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် Telegram Premium မှာတော့ ၂ ဆ ပိုများပြားတဲ့ 4GB File တွေကိုပါ ပေးပို့နိုင်တော့မှာဖြစ်ပါတယ်။ Telegram Premium ကို အသုံးပြုပြီး ပေးပို့လိုက်တဲ့ 4GB File တွေကိုလည်း သာမန် Free Version အသုံးပြုသူတွေက Download ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

ပိုမြန်ဆန်စွာ Download ပြုလုပ်နိုင်ခြင်း

Telegram Premium ကို ဝယ်ယူအသုံးပြုထားမယ်ဆိုရင် အသုံးပြုသူတွေဟာ Media တွေနဲ့ File တွေကို အလွန်လျှင်မြန်စွာ Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Unlimited Cloud Storage ပါဝင်တာကြောင့် File တွေကိုလည်း စိတ်ကြိုက်ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Feature တွေအပြင် Telegram Premium ဟာ Channel ၁,၀၀၀ အထိ Follow နိုင်ခြင်း၊ Chat Folder အခု ၂၀ အထိ ပြုလုပ်ထားနိုင်ခြင်း၊ Bio မှာ Website Link တွေထည့်သွင်းနိုင်ခြင်းလိုမျိုး Feature တွေလည်းပိုမို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Voice to Text ၊ Unique Sticker နဲ့ Reaction တွေ၊ Animated Profile Picture ၊ Premium Badge ၊ Premium App Icon နဲ့ Chat Management ပြုလုပ်မှုတွေကလည်း ပိုပြီး လွယ်ကူစေမှာဖြစ်ပါတယ်။

Ref – GSM Arena