• မိုဘိုင်းဒေတာနှင့် ၀ိုင်ဖိုင်တို့ကို ပြောင်းလဲအသုံးပြုကာ ဈေးနှုန်းချိုသာစွာဖြင့် အင်တာနက်ကို စိတ်ကြိုက် သုံးစွဲနိုင်
  • ရန်ကုန်နှင့် မန္တလေးမြို့များရှိ အင်တာနက်အသုံးပြုသူများအတွက် ရှင်းလင်းလွယ်ကူသော ဒေတာအစီအစဉ် ၃ မျိုး ဖြင့် စတင်မိတ်ဆက်

ဧပြီလ ၂၆ ရက် ၂၀၁၈ ခုနှစ်၊ ရန်ကုန် – တယ်လီနောသုံးစွဲသူများ မိုဘိုင်းဒေတာနှင့် ၀ိုင်ဖိုင်နှစ်မျိုးစလုံး ကို ဈေးနှုန်းသက်သာစွာဖြင့် စိတ်ကြိုက်သုံးစွဲနိုင်ရန် အထူးဖန်တီးသော ‘အ၀သုံး ဒေတာ’ အစီအစဉ်ကို တယ်လီနောနှင့် Myanmar Net တို့ပူးပေါင်းကာ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ဒေတာ ပက်ကေ့ခ်ျ သုံးမျိုးပါဝင်သည့် အဆိုပါအစီအစဉ်ကို Myanmar Net ၏ ကွန်ရက် ချိတ်ဆက်နိုင်သည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၁၈ မြို့နယ်နှင့် မန္တလေး ဒေသကြီးအတွင်း ၃ မြို့နယ်တို့တွင် အသုံးပြုနိုင်ပြီဖြစ်သည်။

“မိုဘိုင်းကွန်ရက်ရဲ့ စွမ်းအားနဲ့ ၀ိုင်ဖိုင်နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အ၀ ပေါင်းစပ်ထားတဲ့ ပထမဆုံး အစီအစဉ်တစ်ရပ်ကို Myanmar Net နဲ့အတူ လက်တွဲပူးပေါင်းပြီး ဖန်တီးနိုင်ခဲ့တဲ့အတွက် တယ်လီနောအနေနဲ့ အားရ ကျေနပ်မိပါတယ်။ စွမ်းအင်ပြည့်ဝတဲ့ ထုတ်ကုန်တွေကို ဆန်းသစ်ဖန်တီး နိုင်ဖို့ ကျွန်တော်တို့အမြဲ ကြိုးပမ်း နေပါတယ်။ အခုမိတ်ဆက်တဲ့ ‘အ၀သုံးဒေတာ’ အစီအစဉ်ကြောင့် တယ်လီနောသုံးစွဲသူတွေအတွက် မြန်ဆန်ပြီး ဆုတံဆိပ်ရ ကွန်ရက်ကတဆင့် အင်တာနက်သုံးစွဲ နိုင်ရုံမျှမက ထပ်မံကုန်ကျစရာမလိုဘဲ Myanmar Net ရဲ့ ၀ိုင်ဖိုင်ကွန်ရက်ကို ချိတ်ဆက်ပြီး အင်တာနက်ကို စိတ်ကြိုက်ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက် ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောကြားသည်။

“ဒေတာသုံးစွဲသူတွေအနေနဲ့ Myanmar Net ရဲ့ အတန်ဆုံး အ၀သုံးအစီအစဉ်တွေကို တယ်လီနော ကနေတစ်ဆင့် လွယ်လွယ်ကူကူ ၀ယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု Myanmar Net မှ အရာရှိ ဦးကျော်မင်းထွန်းက ပြောကြားခဲ့သည်။

“အ၀သုံးဒေတာ”အစီအစဉ်တွင် မတူညီသော သက်တမ်းကာလများဖြင့် ပက်ကေ့ခ်ျ ၃ မျိုး (၃၀၀ မီဂါဘိုက်၊ ၅၀၀ မီဂါဘိုက် သို့မဟုတ် ၂ ဂစ်ဂါဘိုက်) ကို မိမိတို့ ကြိုက်နှစ်သက်သည့် ဒေတာသုံးစွဲမှု ပုံစံ ပေါ်မူတည်ကာ ရွေးချယ် ၀ယ်ယူနိုင်မည်ဖြစ်သည်။ မိုဘိုင်းဒေတာကို သုံးစွဲနေချိန်တွင် တယ်လီနော၏ အလျင်မြန်ဆုံးကွန်ရက် အမြန်နှုန်းဖြင့် အင်တာနက်သုံးစွဲနိုင်သကဲ့သို့ Myanmar Net ၏ ၀ိုင်ဖိုင်ရရှိ သောနေရာများတွင် ယင်းဝိုင်ဖိုင်ကို ချိတ်ဆက်ကာ စိတ်ကြိုက် သုံးစွဲနိုင်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်ကို ရယူရန်အတွက် တယ်လီနောဖုန်းဖြင့် *979*18# ကို ခေါ်ဆိုကာ ပြသထားသည့် ပက်ကေ့ခ်ျ သုံးမျိုးအနက်မှ တစ်ခုကို ရွေးချယ်နိုင်မည်ဖြစ်သည်။ ယင်းနောက် အစီအစဉ်ကို အောင်မြင်စွာ ရယူပြီးဖြစ်ကြောင်း အကြောင်းကြားစာကို စာတိုပေးပို့မှုဖြင့် ရရှိမည်ဖြစ်သည်။တယ်လီနောမြန်မာအနေဖြင့် ၂၀၁၇ ခုနှစ်အတွက် မြန်မာ့အမြန်ဆုံး မိုဘိုင်းအင်တာနက်ကွန်ရက်မှ တဆင့် နိုင်ငံတ၀ှမ်းရှိ သုံးစွဲသူ ၁၉ သန်းကျော်ကို ၀န်ဆောင်မှုပေးနေပြီး တယ်လီနော၏ 4G ကွန်ရက် သည် မြို့ကြီးနှင့် မြို့နယ်ပေါင်း ၁၄၀ နီးပါးကို အောင်မြင်စွာ လွှမ်းခြုံထားပြီးဖြစ်သည်။