အခုနောက်ပိုင်းမှာ လျှပ်စစ်ကားတွေအပြင် ပိုမိုစျေးနှုန်းသက်သာပြီး သွားလာရလွယ်ကူတဲ့ လျှပ်စစ်စက်ဘီးတွေ၊ Electric Scooter နဲ့ Electric Bike တွေကလည်း ရေပန်းစားလာပါတယ်။ ဒါပေမယ့် တချို့သောမြို့ကြီးတွေမှာ ဒီလိုမျိုး လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်တွေကို ပိုမိုဝယ်ယူအသုံးပြုလာကြတာကြောင့် ပြဿနာတွေလည်း ရင်ဆိုင်နေရပါတယ်။

ဒါကတော့ အခုလိုမျိုး Electric Scooter တွေနဲ့ လျှပ်စစ်စက်ဘီးတွေကြောင့် လမ်းဘေးမှာ လမ်းလျှောက်နေသူတွေကို ထိခိုက်မှုတွေဖြစ်ပေါ်စေသလို ကားတိုက်မှုတွေ၊ မတော်တဆဖြစ်ပွားမှုတွေကလည်း ပိုမိုများပြားလာတာပဲဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ Guangzhou လိုမျိုး မြို့ကြီးတွေက လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်တွေကို ပိတ်ပင်ဖို့အထိ စီစဥ်နေပြီလို့ သိရပါတယ်။

ဥပမာအနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တစ်နှစ်တည်းမှာတင် E-Bike တွေကြောင့် ယာဥ်မတော်တဆမှုပေါင်း ၁၀,၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လူအယောက် ၂,၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါက တဖြည်းဖြည်းတိုးပွားလာပြီး လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်တစ်နှစ်တည်းမှာတင် Guangzhou လိုမျိုး မြို့ကြီးတစ်မြို့ထဲမှာတင် E-bike တွေဟာ ယာဥ်စည်းကမ်းဖောက်ဖျက်မှုပေါင်း ၁.၆ သန်းအထိ ဖြစ်ပွားခဲ့ပါတယ်။ Guangzhou မြို့မှာ လက်ရှိ မှတ်ပုံတင်ထားတဲ့ E-Bike ပေါင်း ၃.၂၂ သန်းအထိ ရှိနေတာကြောင့် အခုလိုမျိုး ယာဥ်မတော်တဆဖြစ်မှုပမာဏဟာ တော်တော်လေးကို မြင့်မားနေပြီဖြစ်ပါတယ်။

ဒါကြောင့် Guangzhou မြို့တာဝန်ရှိသူတွေဟာ လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်တွေ အသုံးပြုမှုကို ကန့်သတ်ပိတ်ပင်ဖို့ စတင်စီစဥ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် လုံးဝ ပိတ်ပင်လိုက်တာမျိုးမဟုတ်ဘဲ နေရာနဲ့ အချိန်အပေါ်မူတည်ပြီး တစ်နေကုန်ပိတ်ပင်ခြင်း၊ မနက် ၇ နာရီခွဲကနေ ည ၇ နာရီခွဲအထိ ပိတ်ပင်ခြင်း၊ လူရှုပ်တဲ့အချိန်တွေမှာ ပိတ်ပင်ထားခြင်းတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အခုလိုမျိုး E-Bike တွေကို ပိတ်ပင်လိုက်တာက ယာဥ်မတော်တဆမှုတွေကို လျော့ကျသွားနိုင်ပေမယ့် တစ်ဖက်မှာလည်း ရုံးတက်၊ ရုံးဆင်းချိန်တွေမှာ E-Bike တွေကို အသုံးပြုနေတဲ့သူတွေအတွက် ပိုမိုအခက်အခဲတွေ ကြုံတွေ့လာနိုင်ပါတယ်။

Ref – Gizmo China