Samsung ကနေ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းမှာ Galaxy S21 Series Flagship ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Galaxy S20 Series မိတ်ဆက်ပွဲမှာတော့ Galaxy S20 Series အပြင် Foldable ဖုန်းဖြစ်တဲ့ Galaxy Z Flip ကိုပါ မိတ်ဆက်သွားခဲ့တာပါ။

ဒါပေမယ့်လည်း အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရတော့ Samsung ကနေ Galaxy Z Flip2 စမတ်ဖုန်းကို Galaxy S21 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ အဲ့ဒီအစား ၂၀၂၁ ပထမဆုံး ၃ လပတ်အတွင်းမှာ မိတ်ဆက်သွားမယ်လို့ သိရတဲ့အတွက် မတ်လမကုန်ခင်မှာတော့ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Samsung ဟာ လာမယ့်နှစ်မှာ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်တဲ့ Galaxy Note Series ဖုန်းတွေကို ထုတ်လုပ်မှုကို ရပ်ဆိုင်းပစ်ဖို့က သေချာသလောက်ဖြစ်နေပါပြီ။ အဲ့ဒီအစား Galaxy S21 Series နဲ့ Galaxy Z Fold3 စမတ်ဖုန်းအသစ်တွေမှာ S Pen Support ပါဝင်လာမယ်ဆိုပြီးလည်း သတင်းတွေကဆက်တိုက်ကိုထွက်ပေါ်နေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် Galaxy Z Flip2 စမတ်ဖုန်းဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ Compact Flagship ဖုန်းသဘောကျတဲ့သူတွေအတွက် ရွေးချယ်စရာဖြစ်လာနိုင်ပြီး S Pen Support ရရှိခြင်းမရှိတဲ့ Samsung Flagship ဖုန်းတစ်လုံးဖြစ်လာဖွယ်ရှိနေပါတယ်။ လောလောဆယ်မှာ Galaxy Z Flip2 နဲ့ ပတ်သက်ပြီး ဘာသတင်းမှထွက်ရှိထားခြင်းမရှိတဲ့အတွက် ဘယ်လိုမျိုး Design ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းပိုကောင်းလာမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena