တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ပွဲမှာ ရှေ့ဆုံးက အကြပ်ခံရတာက Huawei ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ Huawei ကို ဝက်အူအရစ်ကြပ်သလို တစ်ရစ်ပြီးတစ်ရစ် ကြပ်နေတဲ့အမေရိကန်ဟာ အခုလည်း နောက်တစ်ရစ် ထပ်ကြပ်ဖို့ ပြင်ဆင်နေပါပြီ။

Huawei အနေနဲ့ တားမြစ်ထားတဲ့ ထုတ်လုပ်မှုလုပ်ငန်းရှင်တွေဆီကနေ Chipset တွေ ဆက်လက်ရယူနိုင်ခြင်းမရှိအောင် နောက်ထပ်ပိတ်ပင်မှုတွေပြုလုပ်ဖို့ တွန်းအားပေးနေတယ်လို့ ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြလာပါတယ်။ အကြောင်းကတော့ တရုတ်နည်းပညာကုမ္ပဏီကြီးဟာ Third party တွေကတစ်ဆင့် Chip တွေဝယ်ယူနေတာကို ပိတ်ပင်ဖို့ပဲ ဖြစ်ပါတယ်။

စည်းမျဉ်းသစ်အရ အမေရိကန် ဆော့ဖ်ဝဲ၊ ဒါမှမဟုတ် အမေရိကန်ကဖန်တီးထားတဲ့နည်းပညာကိုအသုံးပြုခွင့် ပိတ်ပင်ထားပြီး ခွင့်ပြုချက် လိုင်စင် လိုအပ်တယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wilbur Ross က ဆိုပါတယ်။ Huawei အနေနဲ့ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန်ထားပေမယ့်လည်း ဒီစကားလုံးတွေက နားမကြားသူအတွက် အရာမရောက်သလိုပဲ ဖြစ်ခဲ့ရပါတယ်။

စည်းမျဉ်းသစ်အရ Huawei ရဲ့ လုပ်ငန်းလည်ပတ်မှုဟာ ပိုပြီးတော့ ကြပ်တည်းလာဖွယ်ရှိပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အမေရိကန်အစိုးရဟာ “Huawei ရဲ့ အမေရိကန်နည်းပညာတွေကို ရယူသိုမှီးမှုကို ကန့်သတ်လိုက်ခြင်းက Huawei နဲ့ တရုတ်ကွန်မြူနစ်အစိုးရကို တိုက်ရိုက်ထိုးနှက်ခြင်းဖြစ်ပြီး ကမ္ဘာကွန်ရက်နဲ့ အမေရိကန်ရဲ့ သီးသန့်သတင်းအချက်အလက်ဖြစ်တည်မှုကိုထိခိုက်စေခြင်းလည်း ကာကွယ်နိုင်ခဲ့တယ်” လို့ ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်လခန့်က ယူကေအစိုးရဟာ ဗြိတိန်နိုင်ငံရဲ့ 5G ကွန်ရက်တွေမှာ Huawei ရဲ့ ပစ္စည်းကိရိယာတွေ အသုံးပြုခြင်းနဲ့ ဝင်ရောက်လုပ်ကိုင်ခြင်းကို တားမြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဗြိတိန်ရဲ့ Huawei ပစ္စည်းကိရိယာတွေ ဝယ်ယူမှုတားမြစ်ခြင်းဟာ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာစတင်ပြီး အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

Ref: Gizmochina