လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းကာလမှာ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးရဲ့ LG အမှတ်တံဆိပ် စမတ်ဖုန်းတွေဟာ ဈေးကွက်ထဲမှာ ပျောက်ကွယ်သွားတော့မယ်လို့ စတင်သတင်းထွက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အစောပိုင်းကာလတွေမှာတော့ LG CEO က သူတို့ဟာ စမတ်ဖုန်းလောကထဲကနေ ထွက်ခွာသွားဖို့မရှိဘူးလို့ တရားဝင်ငြင်းဆိုခဲ့ပါသေးတယ်။

CES 2021 မှာလည်း LG ဟာ သူတို့ရဲ့ Rollable စမတ်ဖုန်းကို အစဆွဲထုတ်ပြီး Tease လုပ်သွားပါသေးတယ်။ ၂၀၂၁ ခုနှစ် ဇွန်လထဲမှာလည်း LG Velvet 2 Pro အကြောင်း သတင်းတွေထွက်လာခဲ့ပြန်ပါတယ်။ အဲဒီအချိန်တွေအထိ LG စမတ်ဖုန်းတွေရဲ့အနာဂတ်အတွက် မျှော်လင့်ချက်တွေရှိနေခဲ့သေးပေမဲ့ ၂၀၂၁ ခုနှစ်ရဲ့ နောက်ဆုံးလမှာတော့ LG ဟာ သူတို့ရဲ့ Developer Website ကို ပိတ်ချတော့မှာဖြစ်တယ်လို့ တရားဝင်ကြေညာခဲ့ပါတော့တယ်။

ဒီအတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ပိုင်းကစပြီး ဝက်ဘ်ဆိုက်မှာပံ့ပိုးပေးထားတဲ့ အချက်အလက်အားလုံးနဲ့ Bootloader unlock key တွေကို မရရှိတော့တာလည်း ဖြစ်ပါတယ်။ စမတ်ဖုန်းလုပ်ငန်းကို စွန့်လွှတ်လိုက်ပြီဖြစ်ပေမဲ့ LG ဟာ ထွက်ရှိပြီးသားစမတ်ဖုန်းတွေရဲ့ Life cycle အတွက် ဆက်လက်ထောက်ပံ့နေရတုန်းဖြစ်ပါတယ်။ ဒါကြောင့် ကတိပြုထားတဲ့အတိုင်း လက်ရှိ Device တွေဟာ လာမဲ့ ၂၀၂၅ ခုနှစ် နွေရာသီအထိ Firmware update တွေကို ရရှိနေဦးမှာ ဖြစ်ပါတယ်။

အခုတော့ တောင်ကိုရီးယားကုမ္ပဏီကြီးဟာ Android 12 လက်ခံရရှိမဲ့ Device ၃ မျိုးရဲ့နာမည်တွေကို ထုတ်ပြန်ကြေညာလိုက်ပါပြီ။ LG Q92 5G, LG V50 ThinQ နဲ့ LG V50S ThinQ တို့ဟာ Android 12 ကို ရရှိမှာဖြစ်ပါတယ်။ နောက်ထပ် Device တွေဖြစ်တဲ့ LG Q52, LG Wing နဲ့ LG Velvet တို့ကတော့ Security update တွေကို အသီးသီးရရှိကြမှာလည်း ဖြစ်ပါတယ်။

Update တွေဟာ တောင်ကိုရီးယားက Device တွေဆီ အရင်ဦးဆုံးရောက်ရှိမှာဖြစ်ပြီး၊ အားလုံးအဆင်ပြေကြောင်း အတည်ပြုပြီးတဲ့နောက်မှပဲ ကမ္ဘာလုံးဆိုင်ရာယူနစ်တွေဆီ ပို့ဆောင်မယ်လို့ သိရပါတယ်။ Update တွေဟာ တရားဝင်ဖြစ်ပြီး Beta မဟုတ်ပေမဲ့လည်း Android 11 ကနေ Android 12 ဆီကူးပြောင်းတဲ့လုပ်ငန်းစဉ်မှာ ဖိုင်တွေပျောက်ဆုံးနေနိုင်တာကြောင့် အရေးကြီးဒေတာတွေကို အရန်သိမ်းဆည်းထားဖို့ LG က သုံးစွဲသူတွေကို သတိပေးထားတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena