အီလွန်မက်စ်နဲ့ ပွဲဖြစ်ပြီးကတည်းက Twitter နဲ့ပတ်သက်တဲ့ Update တွေကိုတောင် လူတွေက သိပ်စိတ်မဝင်စားသလို ဖြစ်သွားကြပါတယ်။ ကုမ္ပဏီဟာ ကမ္ဘာတစ်လွှားမှာ သုံးစွဲသူတွေတိုးလာတယ်လို့ ဆိုပေမဲ့ အမှန်တကယ် သုံးစွဲသူတွေ နှစ်ပေါင်းများစွာတောင်းဆိုနေကြတဲ့ လုပ်ဆောင်ချက်တွေကို ဖြည့်ဆည်းပေးရမှာတော့ ကြန့်ကြာလွန်းလှပါတယ်။

Twitter မှာ Edit tweets လုပ်ဆောင်ချက် ရှိမနေတာဟာ အတော်လေးတော့ ကသိကအောက် ဖြစ်စေပါတယ်။ သုံးစွဲသူတွေက ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးဖို့ နှစ်ပေါင်းများစွာတောင်းဆိုလာကြပြီးတဲ့နောက် ကုမ္ပဏီအနေနဲ့ စမ်းသပ်နေပြီလို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် ဒီလုပ်ဆောင်ချက်ကို အောက်တိုဘာလ နှောင်းပိုင်းမှာ ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Edit tweets မှာတော့ “Last Edited” ဆိုတဲ့ Timestamped ပါဝင်လာမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် မူရင်းတင်လိုက်တဲ့ Tweet နဲ့ ပြန်ပြီးပြုပြင်ထားတဲ့ Tweet ဗားရှင်းနှစ်ခုကြား ကွာခြားချက်ကို ရှင်းလင်းကွဲပြားစွာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Tweet ပိုင်ရှင်က သူ့ရဲ့ Content ကို Edit လုပ်ပြီး သတင်းအချက်အလက်ပြောင်းလဲလိုက်တာကို သိရှိနိုင်မှာလည်း ဖြစ်ပါတယ်။

ဒီ Edit Tweets feature ကို အဆင်သင့်ဖြစ်တဲ့အချိန်ရောက်ရင် ယူအက်စ်၊ ကနေဒါ၊ သြစတေးလျနဲ့ နယူးဇီလန်တို့မှာ စတင်သုံးစွဲခွင့်ပြုမယ်လို့ သိရပါတယ်။ သုံးစွဲခွင့်ပြုရာမှာလည်း အများသူငါအားလုံးသုံးစွဲနိုင်မှာမဟုတ်ဘဲ $4.99 နဲ့ လစဉ်စာရင်းသွင်းဝန်ဆောင်မှုဖြစ်တဲ့ Twitter Blue မှာပဲ သီးသန့်သုံးနိုင်မယ်လို့ သိရပါတယ်။

Twitter Blue အသုံးပြုသူတွေဟာ ကြော်ငြာမပါတဲ့ ဆောင်းပါးတွေ၊ UI စိတ်ကြိုက်ပြင်ဆင်နိုင်မှုတွေ၊ Tweet တွေကို အမှန်တကယ် မတင်ခင်မှာပဲ ပြန်ဖျက်နိုင်တဲ့ Countdown timer, Undo tweet option စတဲ့ ဝန်ဆောင်မှုတွေ ရရှိတာ ဖြစ်ပါတယ်။

Ref: GSM Arena