နာမည်ကျော် Ubisoft ဂိမ်းကုမ္ပဏီကလည်း Battle Royale အမျိုးအစား ဂိမ်းတွေရဲ့ စျေးကွက်ပြိုင်ပွဲထဲကို “Hyper Scape” လို့အမည်ပေးထားတဲ့ ဂိမ်းအသစ်နဲ့ ဝင်ချလာပါပြီ။ ဒီဂိမ်းဟာ Battle Royale ကိုမှ Cyberpunk Theme အဓိက ဖန်တီးထားပြီး ကစားသမားတစ်ရာကို Neo Arcadia လို့အမည်ပေးထားတဲ့ Virtual မြို့တော်ထဲကို ပစ်ချယှဉ်ပြိုင်စေမှာပါ။

လက်ရှိ Closed Beta နည်းစနစ်စမ်းသပ်အဆင့်မှာ ရှိနေပြီဖြစ်တဲ့ Hyper Scape ဟာ အက်ရှင်အပြည့်နဲ့ Shooter ဂိမ်းတစ်ခုလိုဖြစ်ပြီး Apex Legends နဲ့ CoD: Warzone တို့လို ပြိုင်ဘက်တွေနဲ့ ကွဲပြားစေဖို့လည်း Gameplay ပိုင်းကို ဖန်တီးထားပါတယ်။

အဲဒီထဲက Feature တစ်ခုကတော့ Hacks လို့ခေါ်တဲ့ စွမ်းရည်များကို ရွေးချယ်ခြင်းဖြစ်ပြီး ကစားသူဟာ သူလိုချင်တဲ့ ကစားပုံအတိုင်း Tank နဲ့သက်ဆိုင်တဲ့ စွမ်းရည် ဒါမှမဟုတ် သူများထက်ပိုပြီးမြင့်မြင့်ခုန်နိုင်တဲ့ Hack ကို ရွေးချယ်နိုင်မှာပါ။ ကစားသမားတစ်ယောက်ကို Hacks နှစ်ခုဆီ သယ်ဆောင်ထားနိုင်ပြီး တူညီတဲ့ Hacks နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းပြီးလည်း ပိုအားကောင်းအောင် လုပ်နိုင်မှာပါ။

လက်နက်ရွေးချယ်တဲ့နေရာမှာလည်း ကိုယ့်မှာရှိပြီးသား လက်နက်ကို ထပ်ကောက်ခဲ့ရင် Upgrade ဖြစ်သွားမယ့် ပုံစံ ထည့်ထားတာကြောင့် မြင်နေကျပုံတွေနဲ့ ကွဲထွက်နေမှာပါ။ Upgrade က အကြိမ်ရေ အနည်းငယ် မြှင့်တင်နိုင်မှာဖြစ်ပြီး ထုံးစံအတိုင်း Damage, ကျည်ဆန်အရေအတွက်နဲ့ Cooldown တွေကို တိုးတက်သွားစေမှာ ဖြစ်ပါတယ်။

Hyper Scape ရဲ့ နောက်ထပ်ကွဲပြားမှုတစ်ခုကတော့ Crown Rush Mode ပါ။ ပုံမှန် Last-man-standing စတိုင်အပြင် နောက်ဆုံး Zone ထဲကိုရောက်လာတဲ့အခါမှာ ပေါ်လာတဲ့ သရဖူတစ်ခုကို ၄၅ စက္ကန့်ကြာအောင် ကိုင်ထားနိုင်သူက အနိုင်ရမှာဖြစ်ပါတယ်။

Ref – OneEsports