JEDEC Solid State Technology Association ကနေ စမတ်ဖုန်းတွေမှာ အသုံးပြုတဲ့ Storage နည်းပညာဖြစ်တဲ့ Universal Flash Storage (UFS) Version 3.1 အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ UFS 3.1 ဟာ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ UFS 3.0 Storage ထက်တောင်ပိုမို မြန်ဆန်လာမယ့်အပြင် Feature ပိုင်းတွေမှာလည်း High-end SSD တစ်ခုနီးပါးဖြစ်လာပြီလို့ သိရပါတယ်။

UFS 3.1 ဟာ အဓိကအနေနဲ့ Device Performance ကို အမြင့်ဆုံးရရှိစေပြီးတော့ တဖက်မှာလည်း Power စားသုံးမှုကို အနည်းဆုံးဖြစ်အောင်ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Write Speed ကို တိုးလာစေမယ့် Write Booster လိုမျိုး Feature တွေ၊ Deep Sleep နဲ့ ပုံမှန်ထက် Device အပူချိန်မြင့်မားနေပြီဆိုရင် အသိပေးနိုင်တဲ့ Performance Throttling Notification လိုမျိုး Feature အသစ်တွေပါဝင်လာမှာပါ။

ဒါတင်မဟုတ်သေးဘဲ UFS 3.1 မှာ UDS Host Performance Booster (HPB) Extension အသစ်ကိုလည်း ထည့်သွင်းထားပြီး အဆိုပါ Extension က Storage ရဲ့ အရေးကြီး Data အချို့ကို စမတ်ဖုန်းရဲ့ DRAM Memory Chip မှာ Cache အနေနဲ့ သိမ်းဆည်းထားနိုင်တဲ့အတွက် Read Speed ကိုလည်း သိသိသာသာတိုးလာစေမှာဖြစ်ပါတယ်။

မနှစ်တုန်းက UFS 3.0 ဟာ မေလတုန်းက ထွက်ရှိခဲ့တာဖြစ်ပြီး OnePlus 7 Pro လိုမျိုး စမတ်ဖုန်းတွေမှာ အရင်ဆုံးအသုံးပြုလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Galaxy S10 နဲ့ Pixel 4 Series လိုမျိုးဖုန်းတွေမှာ UFS 2.1 ကိုပဲ အသုံးပြုခဲ့ပြီး UFS 3.0 ကို အသုံးပြုခဲ့တဲ့ Flagship ဖုန်းတွေနည်းပါးခဲ့ပါတယ်။ အဲ့ဒီအတွက် ယခုနှစ်မှာလည်း UFS 3.1 ကို Galaxy S20 Series နဲ့ OnePlus 8 Series ဖုန်းတွေ အသုံးပြုလာနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Phone Arena