ယူကရိန်းဟာ Meta History : Museum of War အမည်ရ NFT ပြတိုက်ကို မကြာခင်က ဖွင့်လှစ်ခဲ့ပြီး War-themed NFT ၁,၂၈၂ ခုကို ၁ ရက်ထဲ ရောင်းချနိုင်ခဲ့တယ်လို့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ဝန်ကြီးဌာနက ပြောပါတယ်။ ရောင်းချခဲ့တဲ့ NFT တွေရဲ့ တန်ဖိုးဟာ ETH 190 ရှိပြီး အမေရိကန် ဒေါ်လာနဲ့တွက်ရင် ၆၀၀,၀၀၀ ဝန်းကျင်ရှိပါတယ်။
အဲဒီ ငွေတွေနဲ့ ရုရှားတွေ ဖျက်ဆီးခဲ့တဲ့ ပြတိုက်တွေ၊ ခန်းမတွေနဲ့ တခြား ယဉ်ကျေးမှု အဆောက်အဦးတွေကို ပြန်လည် တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် NFT Museum အဖွဲ့ဟာ ယူကရိန်း အနုပညာရှင်တွေရဲ့ အနုပညာလက်ရာ ၄ ခုနဲ့ International Competition PROSPECT100 မှာ အနိုင်ရထားသူတွေရဲ့ အနုပညာလက်ရာတွေကို လေလံတင် ရောင်းချဖို့လည်း ပြင်ဆင်နေပါတယ်။ Meta History Museum မှ NFT ပိုင်ဆိုင်သူတွေကပဲ လေလံပွဲမှာ ပါဝင်နိုင်မယ်လို့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံရာမှာ နည်းပညာ အကူအညီတွေကို ရယူနေပါတယ်။ မကြာခင်ကပဲ ယူကရိန်းဟာ Crypto ကုမ္ပဏီတွေ ဖြစ်တဲ့ FTX နဲ့ Everstake တို့နဲ့ပူးပေါင်းကာ Cryptocurrency အလှူခံမယ့် ဝက်ဘ်ဆိုက် ၁ ခုကို တည်ထောင်ထားပါတယ်။ “Aid for Ukraine” ဝက်ဘ်ဆိုက်မှာ Bitcoin , Ether, Tether နဲ့ Dogecoin အပါအဝင် Cryptocurrency ၁၀ မျိုးကို လှူဒါန်းနိုင်ပါတယ်။
ယူကရိန်းရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ဝန်ကြီး Oleksandre Borniakov က “ Cryptocurrency ဟာ ယူကရိန်းရဲ့ ကာကွယ်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ယူကရိန်း ပြည်သူတွေနဲ့ စစ်သားတွေကို ကူညီထောက်ပံ့ပေးဖို့ Cryptocurrency ဟာ အရမ်းကို တန်ဖိုးကြီးမားပါတယ်။ “ လို့ ပြောပါတယ်။
Ref : cryptonews