Vivo ဟာ သိပ်မကြာသေးခင်ကမှ Vivo Z6 အမည်နဲ့ 5G စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ထားတာပါ။ ဒါပေမယ့် တရုတ်အခြေစိုက်ကုမ္ပဏီဟာ နောက်ထပ် 5G စမတ်ဖုန်းတစ်လုံး မိတ်ဆက်စရာကျန်နေပါသေးတယ်။

နာမည်ကျော်စမတ်ဖုန်းကုမ္ပဏီဟာ Vivo S6 အမည်ရ စမတ်ဖုန်းသစ်ကို အမိမြေတရုတ်ဈေးကွက်သို့ မကြာမီ မိတ်ဆက်သွားမယ်လို့ ယနေ့အတည်ပြုလာပါတယ်။ Vivo က ဒီသတင်းကို ပိုစတာတစ်ခုနဲ့ အတည်ပြုပေးခဲ့တာဖြစ်ပြီး S6 ဆိုတဲ့အမည်နဲ့ 5G ပါလာမယ်ဆိုတာကို ဖော်ပြထားပါတယ်။

Vivo S6 5G ဖုန်းကို မကြာခင်မိတ်ဆက်လာမယ်လို့ အတည်ပြုခဲ့ပေမယ့်လည်း Vivo ဟာ ထွက်ရှိရက် အတိအကျကိုတော့ မဖော်ပြထားတာ တွေ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကြေညာထားပုံအရတော့ ဒီလအတွင်းမှာ မြင်ရမယ့် သဘောပါပဲ။

ဒီဖုန်းမှာ SA + NSA Dual-band 5G ချိတ်ဆက်နိုင်စွမ်းပါဖို့ မျှော်လင့်ထားပြီး အတွင်းမှာ Qualcomm Snapdragon 765G ချစ်ပ်ဆက်အသုံးပြုလာတဲ့ Upper Mid-range ဟန်းဆက်တစ်လုံးလို့ ယူဆရပါတယ်။ ဒါပေမယ့် Samsung ရဲ့ Exynos စီးရီး ပရိုဆက်ဆာတွေကို အသုံးပြုလာနိုင်ခြေလည်းရှိနေပြီး တကယ်လို့ အသုံးပြုလာရင်တော့ Exynos 980 ဖြစ်နိုင်ပါတယ်။

မနှစ်က နိုဝင်ဘာလမှာ မိတ်ဆက်ခဲ့တဲ့ Vivo S5 စမတ်ဖုန်းတုန်းက ရှေ့ဆဲလ်ဖီကင်မရာကို အာရုံစိုက်ထုတ်လုပ်ခဲ့တာကြောင့် အခုလာမယ့် Vivo S6 မှာလည်း ဆန်းသစ်တဲ့ ဆဲလ်ဖီကင်မရာတစ်ခု ပါလာဖို့ ထပ်မံမျှော်လင့်ပါတယ်။

ဒါပေမယ့်လည်း ကုမ္ပဏီက Vivo S6 ရဲ့ Feature တွေကို တစ်ခုမှ ထုတ်မပြသေးတာကြောင့် အတည်မပြုနိုင်သေးပါဘူး။ သိပ်မကြာခင် တရုတ်ဈေးကွက်အတွင်း မိတ်ဆက်မယ်ဆိုရင်တော့ လာမယ့်ရက်အနည်းငယ်မှာ TENAA အစရှိတဲ့ ဆိုက်တွေကနေ Specs တွေကို မြင်တွေ့ရဖို့ ရှိပါတယ်။

Ref – Gizmo China