China Mobile က ပြီးခဲ့တဲ့တစ်ပတ်မှာ 5G-Advanced (5.5G) ကို ဝန်ဆောင်မှုပေးပြီလို့ ကြေညာခဲ့ပါတယ်။ 5.5G ဟာ မိုဘိုင်း ဆက်သွယ်ရေးမှာ နောက်ခြေလှမ်း ၁ ခု ဖြစ်ပြီး 5G ထက် အမြန်နှုန်း၊ Latency နဲ့ တည်ငြိမ်မှု ပိုကောင်းလာပါတယ်။ OPPO က Find X7 Series မှာ 5.5G ကို ထည့်သွင်းပေးမယ်လို့ မြန်မြန်ပဲ ကြေညာခဲ့ပြီး အခုတော့ vivo ကပါ အားကျမခံ 5.5G ကို ဖုန်းတွေမှာ ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။

vivo X Fold3 , X Fold 3 Pro နဲ့ X100 Series ဟာ OTA Update ကနေ 5.5G ကို ဒီလနှောင်းပိုင်းမှာ ပထမဆုံးရမယ့် ဖုန်းတွေထဲမှာ ပါဝင်ပါတယ်။ iQOO 12 Series နဲ့ iQOO Neo 9 Series ဟာလည်း 5.5G ကို ရကြမှာပါ။

China Mobile ရဲ့ 5.5G ကွန်ရက်မှာ Run နေတဲ့ vivo X100 ရဲ့ Download Speed ဟာ 3619.19Mbps နဲ့ Upload Speed ဟာ 160.75Mbps ရှိပါတယ်။ အဲဒီ ရလဒ်တွေဟာ အထင်ကြီးစရာကောင်းနေပေမယ့် တကယ့် စံနှုန်းအရ ဆိုရင် ဒီထက်မြန်ဖို့ လိုပါသေးတယ်။

5.5G ရဲ့ စံနှုန်းအရ Download Speed ဟာ 10 Gbps နဲ့ Upload Speed ဟာ 1 Gbps ရှိပါတယ်။ 5.5G ကို တရုတ်မှာ စမ်းသပ်ဆဲ အဆင့်ပဲ ရှိသေးပြီး မြို့တော် တချို့မှာပဲ ဝန်ဆောင်မှုပေးထားပါတယ်။ China Mobile က 5.5G ကို ဒီနှစ်ကုန်မှာ မြို့တော် ၃၀၀ ကျော်မှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

Ref : gsmarena