Vivo ဟာ ပြီးခဲ့တဲ့ CES 2018 မှာ ကမ္ဘာ့ပထမဆုံးသော Display အောက်မှာ Fingerprint တပ်ဆင်ထားတဲ့ စမတ်ဖုန်းကိုပြသခဲ့ပြီး အခုလက်ရှိရောင်းချနေပြီဖြစ်တဲ့ Vivo X20 Plus UD စမတ်ဖုန်းဟာ တစ်ခုထဲသော Under-Display Fingerprint ပါဝင်တဲ့ စမတ်ဖုန်းဖြစ်လာတာပဲဖြစ်ပါတယ်။

အခုအချိန်မှာလည်း Vivo ကနေ နောက်ထပ် အံ့အားသင့်ဖွယ် Specifications တွေနဲ့ Flagship စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ ကုမ္ပဏီရဲ့ Flagship Series ဖြစ်တဲ့ Vivo Xplay Series ဖြစ်ပြီးတော့ Xplay 7 လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

ဘာဖြစ်လို့ အံ့အားသင့်ဖွယ် Specifications လို့ ပြောရလဲဆိုရင် အခု ထွက်ရှိလာတဲ့ Vivo Xplay 7 ဖုန်းရဲ့ Slides တွေအရ 4K Display ၊ Qualcomm Snapdragon 845 Chipset နဲ့အတူ 512GB Storage တွေကို ထည့်သွင်းလာမှာဖြစ်လို့ပါ။ အဲ့ဒါတင်မကသေးပဲ Vivo ဟာ RAM ကိုလည်း ကမ္ဘာ့ပထမဆုံးအနေနဲ့ RAM 10GB ကိုထည့်သွင်းထားဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ်။

နောက်ထပ်သေချာတာတစ်ခုကတော့ Vivo Xplay 7 စမတ်ဖုန်းမှာလည်း Under-Display Fingerprint Sensor ပါဝင်လာမှာပဲဖြစ်ပါတယ်။ Vivo ကတော့ အခု Xplay 7 ကို မိတ်ဆက်သွားမယ့် အချိန်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေမယ့် နောက်ဆုံးထွက်ထားတဲ့ Xplay 6 စမတ်ဖုန်းက ၂၀၁၆ ဒီဇင်ဘာလတုန်းက ထုတ်လုပ်ခဲ့တာဖြစ်တဲ့အတွက် ဒီနှစ်ထဲမှာ မိတ်ဆက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။