Vivo က ဘင်္ဂလားဒေ့ရှ်မှာ Y91C 2020 ကို ကြေညာလိုက်ပြီး မလေးရှားနဲ့ ထိုင်းတို့လို နိုင်ငံတချို့မှာလည်း ရောင်းမှာပါ။ ဖုန်း အသစ်တော့ မဟုတ်ဘဲ ပြီးခဲ့တဲ့ နှစ်မတ်လတုန်းက အိန္ဒိယမှာ ကြေညာခဲ့တဲ့ Y91i ကို ဘင်္ဂလားဒေ့ရှ်မှာ နာမည်ပြောင်းရောင်းပေးလိုက်တာ ဖြစ်ပါတယ်။ Vivo Y91C 2020 မှာ ၆.၂၂ လက်မ HD+ IPS LCD မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch ပါပါတယ်။ မျက်နှာပြင် အချိုးက ၈၈.၆ ရာခိုင်နှုန်းရှိပြီး တန်ဖိုးနည်းပေမယ့် ဘောင်ပျောက် ဒီဇိုင်းက မဆိုးပါဘူး။ ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ကွေးညွှတ်တဲ့ ဒီဇိုင်းက ဆန်းပါတယ်။

MediaTek Helio P22 Octa-core Processor မောင်းနှင်ထားပြီး 2GB RAM ပါပါတယ်။ 32GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ ဒိတ်အောက်နေတဲ့ Android 8.1 Oreo အခြေပြု FunTouch OS 4.5 UI ပါပါတယ်။

အနောက်ဘက်မှာ 13MP ကင်မရာ ၁ လုံးပဲ ပါပြီး LED Flash နဲ့ ပူးတွဲထားပါတယ်။ 5MP ကင်မရာကို Notch မှာ တပ်ဆင်ထားပါတယ်။ လက်ဗွေရာ ကိရိယာ မပါဘဲ Face Unlock ပဲ ပါပါတယ်။ 4,030mAh ဘက်ထရီ ထည့်သွင်းထားပြီး လျှင်မြန်တဲ့ အားသွင်းစနစ် မပါပါဘူး။

Dual SIM support, 4G VoLTE, 2.4GHz Wi-Fi, Bluetooth 5.0, GPS, microUSB 2.0 နဲ့ 3.5mm Audio Jack တွေ ပါပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ၉,၉၉၉ တာကာ သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၇ သောင်းလောက်ပဲရှိပါတယ်။ Fusion Black နဲ့ Sunset Red အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina