အခုနောက်ပိုင်းဖုန်းတွေ အတော်များများမှာ Stock Android ဆိုတာကို ကြားဖူးလာကြမှာပါ။ အဲ့ဒီ Stock Android ဆိုတာဘာကိုပြောတာလဲ? လက်ရှိဖုန်းတွေမှာ အသုံးပြုနေတဲ့ Android OS နဲ့ ဘာကွာခြားသလဲဆိုတာကို အနည်းငယ်ရှင်းပြပေးသွားမှာပါ။

Stock Android ကို “Vanilla Android” လို့လည်း ခေါ်ဆိုနိုင်ပြီးတော့ Google က ထုတ်လုပ်ထားတဲ့ Android OS ရဲ့ အစစ်မှန်ဆုံးသော Android Version လို့ ခေါ်လို့ရပါတယ်။ Stock Android ကို အသုံးပြုထားတဲ့ဖုန်းတွေက Google ကနေ Android OS ထဲမှာ ထည့်ပေးထားတဲ့ အခြေခံ Features တွေနဲ့ Google Apps အချို့ကလွဲပြီးတခြား Applications တွေ၊ Features တွေမပါဝင်တဲ့ ဖုန်းတွေဖြစ်ပါတယ်။

ဥပမာ Xiaomi ကထုတ်လုပ်တဲ့ Stock Android အသုံးပြုထားတဲ့ Xiaomi A1 ဖုန်းမှာဆိုရင် အခြား Xiaomi ဖုန်းတွေလိုမျိုး MIUI နာမည်နဲ့ Software တွေ ပါဝင်တော့မှာမဟုတ်ပဲ ရိုးရိုးရှင်းရှင်းနဲ့ Android OS တစ်ခုကို သုံးစွဲရမှာဖြစ်ပါတယ်။ MIUI လိုမျိုး ဖုန်းထုတ်လုပ်လုပ်သူတွေကနေ နဂို Android OS ကို ကုမ္ပဏီရဲ့ အခြားသော Features တွေ၊ Applications တွေအများအပြားထည့်သွင်းပြီး ပုံစံပြောင်းထားတာကိုတော့ Stock Android လို့ မခေါ်ဆိုတော့ပဲ Xiaomi မှာဆိုရင် MIUI, Meizu မှာဆိုရင် Flyme, Samsung က TouchWiz နဲ့ Huawei မှာဆိုရင် EMUI ဆိုပြီး သီးခြားနာမည်တွေပေးထားတာဖြစ်ပါတယ်။

Stock Android ကို အသုံးပြုထားတဲ့ဖုန်းတွေဆိုရင် Xiaomi A1 လိုမျိုး Android One ဖုန်းတွေ၊ Google ကထုတ်လုပ်တဲ့ Nexus နဲ့ Pixel ဖုန်းတွေပဲရှိပြီး အခြားသော OnePlus နဲ့ Nokia လိုဖုန်းတွေကလည်း Stock Android နီးပါး ရိုးရိုးရှင်းရှင်းနဲ့ပဲ ဖုန်းတွေကို ထုတ်လုပ်လာတာဖြစ်ပါတယ်။

Stock Android ဖြစ်တာက ဘာအားသာချက်တွေရှိမလဲဆိုရင် အခြားဖုန်းတွေလိုမျိုး System ကနေ Storage တွေကို အများကြီးယူထားခြင်းမရှိတာ၊ Android OS တစ်ခုလုံးကို ပိုပြီးပြင်ဆင်နိုင်တာ၊ Features အပိုတွေပါဝင်ခြင်းမရှိတဲ့အတွက် Performance ပိုပြီး မြန်ဆန်နိုင်တာနဲ့ System Update တွေကို ပိုပြီးမြန်မြန်ဆန်ဆန်ရရှိနိုင်တာပဲဖြစ်ပါတယ်။