အခုအချိန်မှာ အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်၊ တခြားသော ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပဲဖြစ်ဖြစ် အပြင်ထွက်သွားလာရမယ်ဆိုရင် စမတ်ဖုန်းယူဆောင်သွားဖို့ လိုအပ်တဲ့အကြောင်းပြချက်တွေက အနည်းနဲ့အများရှိနေမှာပါ။ တကယ်လို့ အရေးကြီး Data တွေမရှိတဲ့ Secondary စမတ်ဖုန်းကိုင်ဆောင်ထားနိုင်တဲ့သူတွေဆိုရင် ဒါက ပြဿနာမဟုတ်ပေမယ့် ကိုယ့်ရဲ့ အဓိကအသုံးပြုနေတဲ့ စမတ်ဖုန်းကို ယူဆောင်သွားရမယ်ဆိုရင် လုပ်ဆောင်သွားသင့်တဲ့အချက်အချို့ကို ဖော်ပြလိုက်ပါတယ်။

(1) Face ID ၊ Fingerprint တွေအစား Strong ဖြစ်တဲ့ Passcode ကိုပဲ အသုံးပြုပါ

အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအကုန်လုံးနီးပါးမှာ ဖုန်းကို အလျှင်အမြန် Unlock ပြုလုပ်နိုင်တဲ့ Face Unlock သို့မဟုတ် Fingerprint Unlock ပါဝင်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဖုန်းကို လုံခြုံဖို့အတွက် အဓိကထားမယ်ဆိုရင်တော့ အကောင်းဆုံးက စိတ်ချရတဲ့ Passcode ပဲ အသုံးပြုသင့်ပါတယ်။ ဒီနေရာမှာ ခန့်မှန်းရလွယ်ကူတဲ့ မွေးနေ့လိုမျိုး ဂဏန်းတွေကို အသုံးမပြုသင့်ပါဘူး။

(2) Data တွေကို ဖုန်းထဲမှာ ထည့်ထားမယ့်အစား Backup အမြဲပြုလုပ်ထားပါ

ကိုယ့်ဖုန်းထဲမှာ ပုံမှန်အတိုင်း ထည့်သွင်းထားတဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ တခြားသော Data တွေကို တခြားလုံခြုံစိတ်ချရတဲ့နေရာမှာ ပြောင်းလဲသိမ်းဆည်းထားတာကလည်း အခုအချိန်မှာ ပုံမှန်ပြုလုပ်ထားသင့်ပါတယ်။ သီးသန့် Laptop သို့မဟုတ် External Hard disk လိုမျိုးမရှိဘူးဆိုရင်လည်း Google Drive ၊ Microsoft OneDrive လိုမျိုး Online Backup Service တွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာ – Google Photos Application ဆိုရင် ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို အလွယ်တကူ Google Account ဆီမှာ Backup ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

(3) Find My iPhone သို့မဟုတ် Find My Device ကို အသုံးပြုပါ

ဒါက ကိုယ့်စမတ်ဖုန်းပျောက်ဆုံးသွားတာ သို့မဟုတ် ကိုယ်နဲ့အတူမရှိတော့တဲ့အချိန်မှာ အတတ်နိုင်ဆုံး Data တွေကို တခြားသူဝင်ရောက်ကြည့်ရှုနိုင်ခြင်းမရှိအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကိုယ်အသုံးပြုတဲ့ Device ပေါ်မှုတည်ပြီး Find My Application ကနေ Activate ပြုလုပ်ထားရမှာဖြစ်ပြီး ပျောက်ဆုံးသွားတယ်ဆိုရင် “android.com/find” သို့မဟုတ် ” icloud.com/find” ကနေတစ်ဆင့် ကိုယ့်ရဲ့ Google Account သို့မဟုတ် Apple ID ကို ထည့်သွင်းပြီး Manage ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ ဖုန်းကို Lock ချခြင်း သိုမဟုတ် Data တွေကို လုံးဝဖျက်ပစ်တာတွေကို ဆောင်ရွက်လို့ရမှာဖြစ်ပြီး တစ်ခုရှိတာကတော့ Find My Service ကို အသုံးပြုနေတဲ့အချိန်မှာ အင်တာနက်ရရှိနေဖို့ လိုအပ်မှာပါ။

(4) Mobile Banking နဲ့ တခြားသော Payment App တွေမှာ Auto Login ကို ပိတ်ထားပါ

ဖုန်းကို Passcode နဲ့ Lock ပြုလုပ်ထားပေမယ့်လည်း အရေးကြီးတဲ့ Mobile Banking နဲ့ Mobile Payment Application တွေကိုပါ လုံခြုံအောင် ဆောင်ရွက်ထားသင့်ပါတယ်။ လက်ရှိ အဆိုပါ Mobile Banking နဲ့ Payment App အများစုဟာ Auto Login သို့မဟုတ် Fingerprint/Face Unlock နဲ့ ဝင်ရောက်နိုင်တဲ့ Feature ပါဝင်ပြီးတော့ အဆိုပါ Feature တွေကို ပိတ်ထားတာ ပိုအဆင်ပြေပါလိမ့်မယ်။

နောက်ထပ်သတိထားရမှာတစ်ခုက Google Autofill နဲ့ Apple iCloud Keychain လိုမျိုး Password ကို အလိုအလျောက်ဖြည့်ပေးနိုင်တဲ့ Service တွေကိုလည်း အသုံးမပြုတာက ပိုပြီးစိတ်ချရစေမှာပါ။

(5) Social Media Account တွေကို အမြဲတမ်းလုံခြုံရေးစစ်ဆေးပါ

ဒီအချက်ကတော့ ကိုယ့်ဖုန်းက ပျောက်ဆုံးသွားတာမျိုးမရှိဘူးဆိုရင်တောင်မှ အနည်းဆုံးတစ်ပါတ်ကို တစ်ကြိမ်ခန့်ဆောင်ရွက်သင့်တဲ့အချက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Google နဲ့ Facebook လိုမျိုး Service တွေက Settings – Security Setting ထဲကနေတစ်ဆင့် ဘယ် Device တွေက ကိုယ့် Account ကို အသုံးပြုနေတယ်ဆိုတာကို ဖော်ပြပေးနေတာဖြစ်ပြီး တကယ်လို့ ကိုယ်တိုင်မဟုတ်ဘဲ တခြားသော Device သို့မဟုတ် တစ်စုံတစ်ယောက်က အသုံးပြုနေတယ်လို့ သံသဃရှိနေပြီဆိုရင် Remove ပြုလုပ်နိုင်သလို Password ပြောင်းလဲတာတွေလည်း ပြုလုပ်နိုင်ပါတယ်။

ဒီအချက်တွေကတော့ အခုအချိန်မှာ အဓိကအသုံးပြုနေရတဲ့စမတ်ဖုန်းကို အပြင်ယူသွားရမယ်ဆိုရင် ပြုလုပ်ထားသင့်တဲ့အခြေခံအချက်အချို့ပဲဖြစ်ပါတယ်။

Ref – Android Authority