Samsung ဖုန်းတွေကို ဘယ်မှာ ထုတ်လုပ်သလဲ။ အများစုကတော့ တောင်ကိုရီးယား၊ တရုတ် စတဲ့နိုင်ငံတွေမှာပဲ တပ်ဆင်ထုတ်လုပ်တယ်လို့ သိထားကြပါတယ်။ တကယ်တော့ အဲဒီနိုင်ငံတွေတင်မကပါဘူး။ အခြားနိုင်ငံတွေမှာလည်း တပ်ဆင်ထုတ်လုပ်ပါတယ်။

အချက်အလက်တွေအရ Samsung ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Unit ပေါင်း သန်း ၃၀၀ နီးပါး တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီပမာဏကို တစ်နှစ်အတွင်း ထုတ်နိုင်ဖို့ဆိုတာ စက်ရုံအမြောက်အများရှိဖို့ လိုအပ်နေပါတယ်။ ဒါတင်မကသေးပါဘူး။ စက်ရုံတိုင်းက ထုတ်လုပ်တဲ့အရည်အသွေးတိုင်းကလည်း တစ်ညီတည်း ဖြစ်နေဖို့ လိုအပ်ပါသေးတယ်။

တရုတ်

Samsung ဟာ ဒီနှစ်ထဲမှာ တရုတ်နိုင်ငံက သူ့ရဲ့နောက်ဆုံးကျန်ရှိနေတဲ့ စမတ်ဖုန်းစက်ရုံကို ပိတ်ပစ်လိုက်ပါတယ်။ ၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံမှာ Samsung ဖုန်းတွေကို မထုတ်လုပ်တော့ပါဘူး။ အရင်တုန်းက တရုတ်နိုင်ငံမှာ စက်ရုံ ၂ ရုံရှိပေမဲ့ Samsung ရဲ့ ဈေးကွက်ဝေစုဟာ နိုင်ငံတွင်း ၁% အောက်ကျဆင်းသွားတာကြောင့် ထုတ်လုပ်မှုလည်း လျှော့ချရတဲ့အတွက် တရုတ်နိုင်ငံမှာ ဖုန်းထုတ်တာဟာ ကုမ္ပဏီအတွက် ငွေကြေးအရ အဓိပ္ပါယ်မရှိတော့ပါဘူး။

ဗီယက်နမ်
ဗီယက်နမ် နိုင်ငံကတော့ Samsung ဖုန်းအများစုကို ထုတ်လုပ်တဲ့နေရာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ Thai Nguyen ပြည်နယ်မှာ Samsung စက်ရုံနှစ်ရုံရှိပြီး စမတ်ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ Wearable တွေကို ထုတ်လုပ်နေပါတယ်။ ကုမ္ပဏီဟာ ထုတ်လုပ်မှုတိုးမြှင့်ဖို့အတွက် နောက်ထပ်စက်ရုံတစ်ရုံကိုထပ်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လက်ရှိစက်ရုံတွေကတော့ တစ်နှစ်ကို အလုံးရေ သန်း ၁၂၀ ထုတ်လုပ်နေပါတယ်။

အိန္ဒိယ
Samsung ရဲ့ အကြီးဆုံး မိုလ်ဘိုင်းစက်ရုံလည်းဖြစ်သလို၊ ထုတ်လုပ်မှုစွမ်းရည်ပေါ် မူတည်ပြီး ကမ္ဘာ့အကြီးဆုံး မိုလ်ဘိုင်းထုတ်လုပ်တဲ့ ယူနစ်လည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက အိန္ဒိယမှာ စမတ်ဖုန်းထုတ်လုပ်မှု နှစ်ဆတိုးဖို့ ဒေါ်လာ သန်း ၆၂၀ ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အိန္ဒိယနိုင်ငံ Uttar Pradesh မှာ စက်ရုံကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ထုတ်လုပ်မှုစွမ်းရည်က တစ်နှစ်ကို ယူနစ် သန်း ၁၂၀ ဖြစ်ပါတယ်။ ဥရောပ၊ အာဖရိကနဲ့ အနောက်အာရှ ဈေးကွက်ကိုပို့တဲ့ ယူနစ်တွေဟာ အိန္ဒိယစက်ရုံက ထုတ်တာတွေ ဖြစ်ပါတယ်။

တောင်ကိုရီးယား
တောင်ကိုရီးယားစက်ရုံမှာ ထုတ်တဲ့ ပမာဏဟာ ကမ္ဘာလုံးဆိုင်ရာ တင်ပို့ရောင်းချမှုရဲ့ ၁၀% အောက်ပဲ ရှိပါတယ်။ အဓိက တင်ပို့ရောင်းချတာက ပြည်တွင်းဈေးကွက်အတွက်ပဲ ဖြစ်ပါတယ်။

ဘရာဇီးလ်
၁၉၉၉ မှာ ဘရာဇီးနိုင်ငံတွင်း ထုတ်လုပ်မှုအတွက် စတင်ခဲ့ပါတယ်။ ဘရာဇီးကတစ်ဆင့် လက်တင်အမေရိကား ဈေးကွက်အားလုံးဆီ ပို့ဆောင်တာ ဖြစ်ပါတယ်။ ဘရာဇီးစက်ရုံမှာ အလုပ်သမား ၆ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှား
အင်ဒိုနီးရှားမှာ Samsung ဖုန်းတွေထုတ်တာတော့ သိပ်မကြာသေးပါဘူး။ စက်ရုံကို ၂၀၁၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်ကို ယူနစ်ပေါင်း ၈ သိန်းလောက်ပဲ ထုတ်လုပ်နိုင်သေးတာ ဖြစ်ပါတယ်။

Ref: Sammobile