လေယာဉ် မတက်ခင်နဲ့ မဆင်းခင်မှာ လေယာဉ် မယ်တွေ၊ မောင်တွေက အီလက်ထရောနစ် ပစ္စည်းတွေဖြစ်တဲ့ စမတ်ဖုန်းတွေကို Flight Mode ပြောင်းဖို့ ပြောကြပါတယ်။

ဒါပေမယ့် လူတွေ တော်တော်များများကတော့ သူတို့ရဲ့စမတ်ဖုန်းတွေက လေယာဉ်အတက်၊အဆင်းကို ဘယ်လို ထိခိုက်လို့လဲဆိုပြီး စောဒကတွေ တက်ကြတာတွေရှိပါတယ်။

ဒါကြောင့် လေယာဉ်အတက်၊အဆင်းမှာ Flight Mode ပြောင်းခိုင်းရသည့်အကြောင်းအရင်းကို ဝေမျှချင်ပါတယ်။

Flight Mode

စမတ်ဖုန်း၊ Tablet တို့ကို Flight Mode ကို ပြောင်းလိုက်လို့ရှိရင် GSM၊ Wi-Fi ၊ Bluetooth စတဲ့ လိုင်းတွေ သုံးလို့မရတော့ပါဘူး။

အဲ့လို Flight Mode မပြောင်းရင် စမတ်ဖုန်း၊ Tablet တို့ကထွက်တဲ့ အချက်ပြလှိုင်း (Signals)တွေက လေယာဉ်မှာရှိတဲ့ အီလက်ထရောနစ် စက်ပစ္စည်းတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။

ဖုန်းမကိုမသုံးဘဲ ထားရင်ကော မလုံလောက်ဘူးလား။

တချို့က Flight Mode မပြောင်းဘဲ ဖုန်းကို Lock စခရင်တောင် မပြောင်းဘဲ ဒီအတိုင်းထားလို့မရဘူးလားလို့ စောဒက တက်ကြပါတယ်။

စမတ်ဖုန်းက Lock စခရင်ဖြစ်နေပေမယ့်လည်း ဖုန်းလိုင်းရှိမလားဆိုပြီး တချိန်လုံး ရှာနေတတ်ပါတယ်။ စမတ်ဖုန်းရဲ့ Frequency က လေယာဉ်မှာသုံးတဲ့ Frequency တွေကို အနှောင့်အယှက်ဖြစ်ပါတယ်။ ဒါကြောင့် Flight Mode ကို ပြောင်းထားရပါတယ်။ ကိုယ့် စမတ်ဖုန်းမှာ Flight Mode မရရှိရင် ဖုန်းကို ပိတ်ထားရပါတယ်။

လေယာဉ်မှာ အတက်၊အဆင်းက အန္တရာယ်အများဆုံး အချိန် ဖြစ်တာကြောင့် လေယာဉ်မောင်းသူ Pilots တွေက မြေပြင်မှာရှိတဲ့ ထိန်းချုပ်ရေး စင်တာနဲ့ပူးပေါင်းဆောင်ရွက်ရပါတယ်။

စမတ်ဖုန်းရဲ့ Signals တွေက ထိန်းချုပ်ရေးစင်တာနဲ့ လေယာဉ်မောင်းသူအကြား ဆက်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး အရေးပေါ် အခြေအနေလည်းဖြစ်သွားနိုင်ပါတယ်။

စမတ်ဖုန်း၊ စမတ် နာရီ၊ Tablets၊ e-Books ၊ ဒစ်ဂျစ်တယ် Audio၊ ဗီဒီယို Players တို့ကို Flight Mode ဒါမှမဟုတ် ပိတ်ထားပါ။

Laptop မှာ Flight Mode မပါရင် Wi-Fi ကို ပိတ်ပြီး ဆက်သုံးလို့ရပါတယ်။