Apple ကနေ iPhone 7 ကနေ စတင်ပြီးတော့ သီချင်းနားထောင်ဖို့အတွက် လိုအပ်တဲ့ နားကြပ်ပေါက် 3.5mm Audio Jack ကို ဖြုတ်လာလိုက်တာ အခုဆိုရင် နားကြပ်ပေါက်ပါဝင်တဲ့စမတ်ဖုန်းတွေကတော်တော်လေးကို ရှားပါးနေပြီလို့တောင်ပြောလို့ရပါတယ်။

အခုအချိန်မှာတော့ နားကြပ်ပေါက် ကို ဖြုတ်လာခဲ့တဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ Sony လည်းပါဝင်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Mobile World Congress 2018 မှာ ပြသခဲ့တဲ့ Sony XZ2 နဲ့ XZ2 Compact ဖုန်း ၂ မျိုးစလုံးဟာ Headphone Jack မပါဝင်တဲ့ ပထမဆုံးသော Sony Flagship ဖုန်းတွေဖြစ်လာပြီပဲဖြစ်ပါတယ်။

အခုအချိန်မှာ Sony ကနေ ဘာဖြစ်လို့ Headphone Jack ကို ဖြုတ်ခဲ့သလဲဆိုတာကို ဖြေရှင်းခဲ့ပြီး အခုလိုမျိုးဖြုတ်ရတာဟာ ဒီဇိုင်းပိုင်းကို ပိုမိုလှပစေပြီး Omnibalance ဒီဇိုင်းကိုလည်း တစ်ဆက်တည်းဖြစ်နေစေဖို့အတွက် ဖြုတ်ခဲ့ရတာဖြစ်ပြီးတော့ နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့ အခြားသောစမတ်ဖုန်းထုတ်လုပ်သူတွေကလည်း Headphone Jack ကို ဖြုတ်နေပြီး Wireless Audio က အနာဂတ်ဖြစ်လာမှာဖြစ်တဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

XZ2 ဖုန်းတွေမှာ Headphone Jack ထည့်သွင်းလို့မရလောက်အောင် ပါးနေတာမဟုတ်ပဲ လက်ရှိ Flagship ဖုန်းတွေထဲမှာ အထူဆုံးသောစမတ်ဖုန်းတွေလို့တောင်ပြောလို့ရတဲ့အတွက် အခုလိုမျို နားကြပ်ပေါက်ဖြုတ်တာက နည်းနည်းပြောစရာဖြစ်နေပါတယ်။

အဲ့ဒါထက်ပိုဆိုးတာကတော့ Sony ဟာ အချို့သော Region တွေမှာ သာမန် USB Type C to 3.5mm Audio Adapter မဟုတ်ပဲ 3.5mm Audio Jack နဲ့ USB Type C တွဲဖက်ထားတဲ့ Adapter ကို ထည့်သွင်းပေးထားတာဖြစ်ပြီး အဆိုပါ Adapter နဲ့ သီချင်းနားထောင်ရင်း အားသွင်းနိုင်ပေမယ့် Fast Charging ရရှိတော့မှာမဟုတ်ပဲ အလွန်နှေးကွေးတဲ့ 0.5A နှုန်းနဲ့ပဲ အားသွင်းနေတဲ့အတွက် အပြစ်ပြောခံနေရတာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Music ပိုင်းမှာ နာမည်ရထားတဲ့ Sony Xperia ဖုန်းတွေအတွက်ကတော့ အခုလိုမျိုး 3.5mm Audio Jack ကို ဖြုတ်လိုက်တာက မကောင်းတဲ့အချက်လို့ပဲပြောရမှာပါ။