Microsoft ဟာ နောက်ဆုံးမှာတော့ Windows ဆီကို Built-in screen recorder သယ်ဆောင်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မကြာခင် Update လုပ်တော့မဲ့ Windows 11 ရဲ့ Snipping Tool ဟာ Screen recording ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါကြောင့် Windows အသုံးပြုသူတွေဟာ Screen recording လုပ်ဖို့အတွက် Xbox Game Bar ဒါမှမဟုတ် Third-party tools တွေကို အားကိုးနေစရာ မလိုတော့ပါဘူး။

Windows 11 စမ်းသပ်သူတွေဟာ Update လုပ်ထားတဲ့ Snipping tool ကို စတင်စမ်းသပ်သုံးစွဲခွင့်ရတော့မှာဖြစ်ပါတယ်။ Record option သစ်အရ အသုံးပြုသူဟာ မျက်နှာပြင်တစ်ခုလုံးကိုလည်း Record လုပ်ထားနိုင်မှာဖြစ်သလို Crop လုပ်ထားတဲ့ အပိုင်းလေးတစ်ခုတည်းကိုလည်း Record လုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ Microsoft က Screenshot သုံးစွဲမှုအတွေ့အကြုံသစ်ကို စတင်မိတ်ဆက်ပြီးတဲ့နောက် လေးနှစ်ကျော်ကြာမှပဲ ဒီ Update က ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

“Snipping tool ဟာ Insider အသိုင်းအဝိုင်းကြားမှာ အကြိုက်ဆုံးတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီ Update နဲ့အတူ Built-in screen recorder ကို မိတ်ဆက်ပေးဖို့အတွက် ကျွန်ုပ်တို့ အလွန်ပဲ စိတ်လှုပ်ရှားနေပါတယ်” လို့ Windows inbox app တွေအတွက် အဓိက ဦးဆောင်သူ ထုတ်ကုန်မန်နေဂျာ Dave Grochocki က ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ Snipping tool က သင့် PC ပေါ်က ပုံရိပ်နဲ့ အကြောင်းအရာတွေကို ဖမ်းယူရာမှာ လွယ်ကူလျှင်မြန်ပြီး မျှဝေရာမှာလည်း လွယ်ကူအောင် Built-in Screen recording ထည့်သွင်းပေးထားပါတယ်။ စွမ်းရည်တွေကိုလည်း နောက်ထပ် အကြောင်းအရာအမျိုးအစားတွေအထိ ချဲ့ထွင်ထားပါတယ်”

Region selection feature ဟာ မျက်နှာပြင်တစ်ခုလုံးအစား App တစ်ခုကိုပဲ Record လုပ်ချင်သူတွေအတွက် အထူးပဲ အသုံးဝင်စေမှာ ဖြစ်ပါတယ်။ Xbox Game Bar ဟာ App တစ်ခုချင်းစီကို Record လုပ်ဖို့အတွက်ပဲ ကောင်းမွန်တာဖြစ်ပြီး ဖမ်းယူနေတဲ့အရာကို အတိအကျထိန်းချုပ်နိုင်မှု နည်းပါးပါတယ်။ လက်ရှိအချိန်မှာ Dev Channel မှာ Testers တွေနဲ့ စတင်စမ်းသပ်နေပြီဖြစ်တာကြောင့် Public release ဟာ လာမဲ့ ရက်သတ္တပတ်အနည်းငယ်၊ ဒါမှမဟုတ် လအနည်းငယ်အတွင်း ဖြစ်နိုင်ပါတယ်။

Ref: The Verge