ဖောင်ဒေးရှင်း၏ လှူဒါန်းငွေစုစုပေါင်း ဒေါ်လာ ၇သန်းအထိရှိပြီဖြစ်ပြီး ရန်ကုန်တွင်သာမက မန္တလေးတွင်ပါ ကုသရေးစင်တာများဖွင့်လှစ်လှူဒါန်းပေးလျက်ရှိသည်။

Max Myanmar Group ၏ ပရဟိတလုပ်ငန်းတစ်ရပ်ဖြစ်သော ဧရာဝတီဖောင်ဒေးရှင်းသည် ဒေါ်လာ (၂) သန်းတန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများနှင့်တကွ ရောဂါကူးစက်မှုတားမြစ်ရေးအတွက် လိုအပ်သောပစ္စည်းကိရိယာများကို ပြည်ပမှထပ်မံဝယ်ယူကာ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများရှိ ကိုဗစ်ကုသရေးစင်တာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ COVID-19 ကပ်ရောဂါကာလအတွင်းတွင် ဧရာဝတီဖောင်ဒေးရှင်းသည် ဒေါ်လာ (၇) သန်းကျော် တန်ဖိုးရှိသည့် ပစ္စည်းကိရိယာများနှင့် အခြေခံအဆောက်အဦများဖြင့် မြန်မာပြည်သူလူထုအတွက် လှူဒါန်းငွေနှင့် ပရဟိတလုပ်အားများအား ထောက်ပံ့ပေးနေသည့် အဖွဲ့တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

ထပ်မံလှူဒါန်းသည့် ဒေါ်လာ (၂) သန်းအား COVID-19 ကပ်ရောဂါ ကာကွယ်ကုသရေးအတွက် လိုအပ်သော ဆေးရုံသုံးကုတင် (၁,၂၅၀)၊ Intensive care units/ high dependency units (ICU/HDU) ဌာနအတွက် ကုတင်(၂၀၀)၊ ICU/HDU မော်နီတာ နှင့် ကြိုးမဲ့ထိန်းချုပ်စနစ် စက်ပစ္စည်းများ၊ ဆေးရုံအဆောက်အဦအဖြစ်အသုံးပြုနိုင်မည့် ရွက်ဖျင်တဲများ၊ အောက်စီဂျင်ငွေ့ရည်အိုး တန် (၂၀)၊ PPE နှင့် N95 Mask များကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းရာတွင် အသုံးပြုမည်ဖြစ်သည်။ ယခုကဲ့သို့ လိုအပ်သော ဆေးပစ္စည်းကိရိယာများနှင့် အထောက်အပံ့များကို ဝယ်ယူနိုင်ရန် ဧရာဝတီဘဏ်နှင့်တကွ Max Myanmar အုပ်စုမှ အမေရိကန်ဒေါ်လာ (၂)သန်းကို ဧရာဝတီဖောင်ဒေးရှင်းသို့ ထပ်မံလှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဒုတိယလူဦးရေအထူထပ်ဆုံးမြို့ဖြစ်သည့် မန္တလေးမြို့တွင်လည်း နိုင်ငံ၏ ကျန်းမာရေးအထောက်အပံ့ပစ္စည်း လိုအပ်ချက်များရှိနေသောကြောင့် ဧရာဝတီဖောင်ဒေးရှင်းမှ မန္တလေးဘောလုံးအကယ်ဒမီအား Quarantine Center အဖြစ်ပြောင်းလဲစီမံခဲ့ပြီး ယင်းယာယီကုသရေးစင်တာတွင် လူနာရေ (၁၀၀) ဆန့်သော ကုတင်များနှင့် စေတနာ့ဝန်ထမ်း (၂၅) ဦးတို့ အဆင်သင့်နေထိုင်နိုင်ရန် ပြင်ဆင်ထားရှိကာ တစ်နေ့လျှင် (၄)ကြိမ်အထိ အစားအသောက်ကျွေးမွေးနိုင်ရန်နှင့် လိုအပ်သောပစ္စည်းများ ထောက်ပံ့ပေးရန် ပြင်ဆင်ဆောက်ရွက်ထားရှိပါသည်။

“ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန နှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းများရဲ့ လမ်းညွှန်မှုနှင့် ထောက်ပံ့မှုတွေကြောင့် ဧရာဝတီဖောင်ဒေးရှင်းရဲ့ အားထုတ်မှုကို နှစ်ဆတိုးမြှင့်ပြီး နိုင်ငံတစ်ဝှမ်းမှာ COVID-19 ကပ်ရောဂါရဲ့ ဒုတိယလှိုင်းကို ပြင်းထန်စွာခံစားနေရတဲ့ ဒီလိုအချိန်မှာ မြန်မာနိုင်ငံတစ်ဝှမ်းက လူနာထောင်ပေါင်းများစွာကို အချိန်မီကုသနိုင်ပြီး ပြန်လည်ကောင်းမွန် လာစေဖို့ ကူညီပေးနိုင်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ပုဂ္ဂလိကကုမ္ပဏီအုပ်စု အနေနဲ့ ယခုလို နိုင်ငံရဲ့ COVID-19 တိုက်ဖျက်ရေးလုပ်ဆောင်မှုမှာ ရှေ့တန်းက ပါဝင်ခွင့်ရတဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။” ဟု ဧရာဝတီဖောင်ဒေးရှင်း၏ ဥက္ကဌ ဦးဇော်ဇော်မှ ပြောကြားသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 ဒုတိယလှိုင်းကိုတိုက်ဖျက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး COVID-19 ရောဂါ ကူးစက်ခံနေရသည့် လူနာများအား ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်၊ သူနာပြုနှင့် လုပ်အားပေး အဖွဲ့ဝင် (၇၀၀) ကျော်ဖြင့် အားဖြည့်ထားသည့် ယာယီကုသရေး ‘ဧရာဝတီစင်တာ’ကို တည်ဆောက်လှူဒါန်းခဲ့ပါသည်။ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် (၄၂၅)ကုတင်ဆန့်ဖြင့် ကနဦးစတင်ခဲ့သော ဧရာဝတီစင်တာအား ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့တွင် (၅၇၅) ကုတင်ဆန့်စင်တာ အဖြစ်လည်းကောင်း၊ အောက်တိုဘာလ အလယ်ပိုင်းတွင် ကုတင် (၁,၀၀၀) ဆန့်စင်တာ အဖြစ်လည်းကောင်း အဆင့်ဆင့် ထပ်မံတိုးချဲ့ပေးခဲ့ပါသည်။ ထို့အပြင် ဧရာဝတီစင်တာတွင် အောက်တိုဘာလ (၇)ရက်နေ့မှစတင်ပြီး (၇၅)ကုတင်ဆန့် ‌ ICU/HDU Critical Care Unit အရေးပေါ်လူနာ စောင့်ကြည့်ကုသရေးအဆောင်တစ်ခုကိုပါ ထည့်သွင်းဖွင့်လှစ်ပေးခဲ့ပါသည်။ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ အဆိုပါ ဧရာဝတီစင်တာသည် ယနေ့တွင် လူနာဦးရေ (၁,၀၀၀) အထိ ကုသပေးနိုင်ရန်ပြင်ဆင်ထားသည့်အပြင် နယ်နိမိတ်ကန့်သတ်ထားသည့် သီးခြားလူနာဆောင်များ၊ (၂၄) နာရီ လုံခြုံရေးနှင့် လူနာတင်ယာဉ်များကိုပါ ထောက်ပံ့ပေးထားပါသည်။

လွန်ခဲ့သည့်လအနည်းငယ်မှစတင်ကာ လူထုအတွင်းဆင့်ပွားကူးစက်မှုကြောင့် COVID-19 ရောဂါပိုးကူး စက်ခံသူများ အလျင်အမြန် ထိုးတက်လာပြီး COVID-19 ဒုတိယလှိုင်းဖြစ်ပွားကာ မြန်မာနိုင်ငံရှိ ကျန်းမာရေးတာဝန်ခံများအတွက် စိုးရိမ်သတိပြုစရာ အခြေအနေထိရောက်ရှိခဲ့ပါသည်။ လတ်တလောရရှိသည့် မှတ်တမ်းများအရ COVID-19 ကူးစက်ခံရသူမှာ တစ်နေ့လျှင် လူဦးရေ (၁,၀၀၀) မှ (၂,၀၀၀) အထိရှိပြီး တစ်ဒါဇင်မှ လေးဒါဇင် အရေအတွက်ရှိ လူနာများမှာ နေ့စဉ် အသက်ဆုံးရှုံးနေရပါသည်။ စက်တင်ဘာလနောက်ဆုံးအပတ်တွင် ကိုဗစ်ရောဂါပိုးရှိမရှိ အမြန်စစ်နိုင်မည့် antigen rapid test kits ကိရိယာများစတင်အသုံးပြုချိန်မှစ၍ မြန်မာနိုင်ငံအတွင်း နေ့စဉ်ရောဂါကူးစက်ခံရသူပေါင်း (၅,၀၀၀) မှ (၁၆,၀၀၀)အထိ စစ်ဆေးတွေ့ရှိမှု ပိုမိုများပြားလာခဲ့ပါသည်။ သို့ဖြစ်သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းသည် ဧရာဝတီစင်တာတွင် ရောဂါစစ်ဆေးကုသဆောင်အား ထပ်မံတည်ဆောက် လှူဒါန်းခဲ့ပါသည်။

အာဆီယံဒေသတဝှမ်းတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့ပြီးလျှင် မြန်မာနိုင်ငံသည် (စုစုပေါင်းကူးစက်လူနာ ၃၇,၂၀၅ ဦးဖြင့်) စတုတ္ထမြောက် COVID-19 အဖြစ်အများဆုံးနိုင်ငံ ဖြစ်ပါသည်။နိုင်ငံ၏ ကျန်းမာရေးတာဝန်ခံများသည် ယခုအချိန်အထိ ရောဂါကူးစက်ခံရသူများကို ဆေးရုံများတွင် ကုသမှုခံယူစေခြင်း၊ Quarantine center များတွင်ထားရှိပေးခြင်းစသည့် ရောဂါကာကွယ်ကုသရေး နည်းလမ်းများဖြင့် ဆက်လက် ကုသပေးလျက်ရှိပါသည်။

Source – Ayeyarwady Foundation