အခုနှစ် အားလပ်ရက်ရာသီမှာ ထွက်ရှိလာမယ့် Microsoft ရဲ့ မျိုးဆက်သစ် Xbox Series X ဂိမ်းစက်အသစ်ကို လွန်ခဲ့တဲ့ လအနည်းငယ်က စတင်မိတ်ဆက်လာခဲ့တာပါ။ မျိုးဆက်တစ်ခုမြင့်သွားတဲ့ ကွန်ဆိုးဂိမ်းစက်တွေဟာ လက်ရှိ မျိုးဆက်ထက် စွမ်းဆောင်ရည်၊ ဂရပ်ဖစ်နဲ့ အမြန်နှုန်း စတာတွေ သိသာစွာ တိုးတက်လာလေ့ရှိပြီး အဓိကပြိုင်ဘက် Sony PlayStation ကို ထိုးနှက်ဖို့ အကောင်းဆုံးကြိုးစားလာဦးမှာလည်း အသေအချာပါပဲ။

အခုချိန်ထိ Xbox Series X ဂိမ်းစက်ရဲ့ အချက်အလက်တွေကို လျှို့ဝှက်ထားပေမယ့် ယနေ့မှာတော့ Xbox Wire ရဲ့ အယ်ဒီတာချုပ် Will Tuttle က ဂိမ်းစက်အသစ်ရဲ့ Specs တွေကို ဖော်ထုတ်ပြသလိုက်ပါတယ်။ Xbox Series X ရဲ့ အဓိက Specs တွေကတော့ –

CPU: 8x Cores @ 3.8 GHz (3.66 GHz w/ SMT) Custom Zen 2 CPU
GPU: 12 TFLOPS, 52 CUs @ 1.825 GHz Custom RDNA 2 GPU
Die Size: 360.45 mm2
Process: 7nm Enhanced
Memory: 16 GB GDDR6 w/ 320mb bus
Memory Bandwidth: 10GB @ 560 GB/s, 6GB @ 336 GB/s
Internal Storage: 1 TB Custom NVME SSD
I/O Throughput: 2.4 GB/s (Raw), 4.8 GB/s (Compressed, with custom hardware decompression block)
Expandable Storage: 1 TB Expansion Card (matches internal storage exactly)
External Storage: USB 3.2 External HDD Support
Optical Drive: 4K UHD Blu-Ray Drive
Performance Target: 4K @ 60 FPS, Up to 120 FPS

စွမ်းဆောင်ရည်ပိုင်းမှာတော့ ဒီဂိမ်းစက်အသစ်ဟာ မျိုးဆက်ဟောင်း Xbox One X ထက် သိသာစွာ တိုးမြှင့်ထားပြီး နှစ်ဆလောက်ကို ပိုစွမ်းအားကောင်းနိုင်ပါတယ်။ ရရှိနိုင်မယ့် Specs တွေကိုကြည့်ရင် ဒီ Console ဟာ လက်ရှိမော်ဒန်ခေတ် ကွန်ပြူတာတွေကိုတောင် ယှဉ်ပြိုင်သွားမယ့် စွမ်းအားမြင့်စက်တစ်လုံးပါ။

သူ့ရဲ့ Specs တွေကို ထုတ်ဖော်ပြသပြီးတဲ့နောက်မှာလည်း Xbox ဟာ ဂိမ်းစက်အသစ်မှာ ပါလာမယ့် အံ့အားသင့်စရာ Feature တစ်ခုကို ထပ်မံကြွားဝါခဲ့ပါသေးတယ်။ အဲ့ဒါကတော့ “Quick Resume” လို့ခေါ်တဲ့ စနစ်ဖြစ်ပြီး ဒီ Video ထဲမှာ မြင်ရတဲ့အတိုင်း ကစားသူတွေဟာ ဂိမ်းတစ်ခုကို ဆော့နေရင်းကနေ Pause လုပ်ကာ နောက်ဂိမ်းတစ်ခုကို ဝင်ဆော့၊ အဲ့ဒီဂိမ်းတွေကို မပိတ်ဘဲ Pause ထားပြီး နောက်ဂိမ်းတွေထပ်ဆော့၊ ကြိုက်တဲ့ဂိမ်းကို ပြန်ဝင်ပြီး Resume ပြန်လုပ်ကာ အထစ်အငေါ့မရှိ ဆက်ဆော့နိုင်တာကို ပြသထားတာဖြစ်ပါတယ်။

ဒီဗီဒီယိုထဲမှာ Quick Resume Feature လုပ်ဆောင်ပုံကိုသာမက ဂိမ်းတွေရဲ့ Loading Time လည်း အဆများစွာ တိုတောင်းသွားတာကို မြင်ရမှာဖြစ်ပါတယ်။ ဒါဟာ သူ့မှာအသုံးပြုလာတဲ့ Solid-state Drive (SSD) Storage အသစ်ကြောင့်ဖြစ်ပြီး Xbox ကတော့ Xbox Velocity Architecture လို့ခေါ်ဝေါ်ပါတယ်။

Xbox Series X ရဲ့ အဓိက အားသာချက်ဖြစ်တဲ့ အရင် Console တွေပေါ်က ဂိမ်းတွေကို ပြန်ဆော့နိုင်တာကလည်း ဈေးကွက်ထဲ ထွက်လာချိန်မှာ ကစားသူတွေကို အကြီးအကျယ်ဆွဲဆောင်နိုင်မယ့် အချက်တစ်ခုဖြစ်ပါတယ်။ Xbox, Xbox 360, နဲ့ Xbox One ဂိမ်းတွေဟာ ဒီဂိမ်းစက်အပေါ်မှာ ပိုပြီးကောင်းမွန်စွာ ဆော့ကစားနိုင်မယ်လို့လည်း သူက ဆိုထားပါတယ်။

Ref – Dotesports