Xiaomi က Snapdragon 8 Gen 2 Chipset ပါတဲ့ စွမ်းရည်မြင့် ဖုန်းတွေကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အရင်ကတော့ အဲဒီဖုန်းတွေဟာ Xiaomi 13 နဲ့ 13 Pro ဖြစ်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် အခုသတင်းအသစ်အရ Xiaomi ဟာ 13 နဲ့ 13 Pro အစား 14 နဲ့ 14 Pro အမည်တွေကို အသုံးပြုမယ်လို့ သိရပါတယ်။

Xiaomi 14 ဖုန်း ဘူးခွံ ဓါတ်ပုံတွေ ဝီဘိုမှာ ပေါက်ကြားလာပြီး Android 13 အခြေပြု MIUI 14.0.2.0 မောင်းနှင်ထားမှာပါ။ Snapdragon 8 Gen 2 Chipset နဲ့ 12GB RAM ပါလာမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ ဓါတ်ပုံဟာ အစစ်အမှန်လားဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ အဲဒီအတွက် Xiaomi ရဲ့ နောက်မျိုးဆက် စွမ်းရည်မြင့် ဖုန်းတွေဟာ Xiaomi 14 နဲ့ 14 Pro ဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ နံပါတ် 13 ဟာ တချို့နိုင်ငံတွေမှာ ကံမကောင်းတဲ့ အဓိပ္ပါယ်ဖြစ်တဲ့အတွက် Xiaomi က 13 အစား 14 ကို ကြေညာတာ ဖြစ်နိုင်ပါတယ်။

Xiaomi ဟာ နောက်မျိုးဆက် စွမ်းရည်မြင့် ဖုန်းတွေ ကြေညာမယ့် နေ့ကို မကြာခင် အသိပေးနိုင်ပါတယ်။ အဲဒီ Series မှာ မော်ဒယ် ၂ လုံး ပါလာနိုင်ပြီး ၁ လုံးက အရွယ်အစား ကျစ်လစ်တဲ့ ၆.၂၆ လက်မ မျက်နှာပြင်နဲ့ နောက် ၁ လုံးက ၆.၇ လက်မမျက်နှာပြင်တွေ ဖြစ်နိုင်ပါတယ်။

Xiaomi ဟာ အာရှနိုင်ငံတွေမှာ အဲဒီ ဖုန်း ၂ လုံးကို ဌာနတွင်း စမ်းသပ်ပြီးပြီလို့ သတင်းထွက်နေတဲ့အတွက် နိုင်ငံတကာဈေးကွက်မှာ မကြာခင် ရောင်းချနိုင်ပါတယ်။

Ref : gizmochina