ပုံမှန်အားဖြင့် Xiaomi နဲ့သက်ဆိုင်တဲ့သတင်းတွေဟာ ထုတ်ကုန်သစ်အကြောင်းတွေချည်းပါပဲ။ ဒီတစ်ခါတော့ အပြောင်းအလဲအနေနဲ့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ကနေ သူ့ရဲ့ အကြိုက်ဆုံးစမတ်ဖုန်းသုံးမျိူးကို ထုတ်ဖော်ပြလာခဲ့ပါတယ်။

Xiaomi ရဲ့ ဥက္ကဌနဲ့ CEO ဖြစ်တဲ့ Lei Jun ဟာ သူအကြိုက်ဆုံးစမတ်ဖုန်းထုတ်ကုန်အဖြစ် Mi MIX 2 ကို ရွေးချယ်ခဲ့ပါတယ်။ ဒီဖုန်းမှာ Ceramic ကိုယ်ထည်ပါဝင်ပြီး ကမ္ဘာပေါ်မှာ ပထမဆုံး Unibody Ceramic ဒီဇိုင်းကို အသုံးပြုလာတဲ့ ဖုန်းဖြစ်တယ်လို့လည်း သူက ဖြည့်စွက်ခဲ့ပါတယ်။

အကြိုက်ဆုံးဖြစ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ထုတ်လုပ်မှုပုံစံကြောင့်လည်း ပါဝင်ပါတယ်။ Unibody Ceramic နဲ့ထုတ်လုပ်တဲ့ အစိတ်အပိုင်းတိုင်းဟာ အပူချိန် ၁၄၀၀ ဒီဂရီထဲမှာ ခုနစ်ရက်ကြာအောင် အပူပေးပေါင်းစပ်ရခြင်း အပါအဝင် အခြားထုတ်လုပ်မှုအဆင့်ဆင့်ကြောင့် နှစ်သက်ရတာလို့ ဆိုပါတယ်။

ဒုတိယမြောက်ဖုန်းကတော့ Xiaomi Mi 6 ရဲ့ Bright Silver Discovery Edition ပါ။ Lei Jun က ဒီဖုန်းမှာ Vacuum-plated Glass နောက်ကျောခွံကို အသုံးပြုထားပြီး မှန်ကြည့်လို့တောင်ရတယ်လို့ ဆိုပါတယ်။ တောက်ပတဲ့ Stainless Steel ဖရိန်ကလည်း ဒီဖုန်းကို လှပပြည့်စုံတဲ့ အထိအတွေ့နဲ့ အမြင်ပိုင်းတို့ ထောက်ပံ့ပေးပါတယ်။

တတိယမြောက်နဲ့ နောက်ဆုံးအကြိုက်ဆုံးဖုန်းကိုတော့ Mi 10 Pro ကိုရွေးချယ်ခဲ့ပြီး နိုင်ငံတကာဈေးကွက်ကို တင်ပို့ခဲ့တဲ့ သူတို့ရဲ့ ပထမဆုံး Flagship စမတ်ဖုန်းဆိုလည်း မမှားပါဘူး။ ဒါ့အပြင် Mi 10 Pro ကိုထုတ်လုပ်ခဲ့တုန်းက Xiaomi ဟာ ဘတ်ဂျက်ပမာဏကို ထည့်မတွက်ဘဲ High-end စမတ်ဖုန်းတစ်လုံးအနေနဲ့ သုံးစွဲသူကို အမြင့်ဆုံးပေးနိုင်မယ့် ရသကိုသာ အာရုံစိုက်ခဲ့တယ်လို့ ဖြည့်စွက်ခဲ့ပါသေးတယ်။

Ref – GizmoChina