Xiaomi က မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ Mi 10T နဲ့ Mi 10T Pro တို့ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။ 144Hz မျက်နှာပြင်ပါတဲ့ Xiaomi ရဲ့ ပထမဆုံး ဖုန်းတွေ အဖြစ် မှတ်တမ်းဝင်သွားပြီး 30Hz , 48Hz, 60Hz, 90Hz , 120Hz တွေကိုလည်း ပြောင်းသုံးနိုင်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ ၆.၆၇ လက်မ FHD+ 20:9 မျက်နှာပြင် ထည့်ထားပြီး HDR10 ထောက်ပံ့ထားပါတယ်။ အရှေ့နဲ့ အနောက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားတဲ့အတွက် အကြမ်းခံပါတယ်။ ဖရိမ်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားပြီး ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ Snapdragon 865 Chipset ပါလာပြီး Android 10 အခြေပြု MIUI 12 ထောက်ပံ့ထားပါတယ်။ 33W Fast Charging သုံးနိုင်မယ့် အရွယ်ကြီး 5,000mAh ဘက်ထရီက တော်တော် အသုံးခံမှာ ဖြစ်သလို အားသွင်းနှုန်းလည်း ကောင်းပါတယ်။ 5G ဆက်သွယ်မှု ပါလာပြီး Dual SIM Slot , WiFi 6 , NFC နဲ့ IR Blaster တွေ ထည့်ထားပါတယ်။

Mi 10T Pro ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာပြီး 108MP ပင်မ ကင်မရာက 4-in-1 Binning နဲ့ OIS ထောက်ပံ့ထားပါတယ်။ ဗီဒီယို အနေနဲ့ 8K 30fps အထိ ရိုက်ကူးနိုင်ပါတယ်။ နောက်ထပ် ကင်မရာ ၂ လုံးက ၁၂၃ ဒီဂရီ မြင်ကွင်းကျယ်နဲ့ 5MP Macro တို့ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 20MP Punch Hole ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး HDR , Night Mode နဲ့ 120fps Slow Motion ဗီဒီယိုတွေ သုံးနိုင်ပါတယ်။

Mi 10T မှာ 64MP ပင်မ ကင်မရာ (OIS မပါ) ထည့်ထားတာကလွဲပြီး ကျန် အနောက်ကင်မရာ ၂ လုံးနဲ့ အရှေ့ ကင်မရာတွေက တူညီကြပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Multimedia တွေ ကြည့်ရှုခံစားလို့ကောင်းစေတဲ့ စတီရီယို စပီကာ၊ Hi-Res Audio နဲ့ X-axis Linear Vibration Motors တွေ ထည့်သွင်းထားပါတယ်။

ပင်မ ကင်မရာ အပြင် ဖုန်း ၂ လုံးရဲ့ ကွာခြားချက်နောက် ၁ ခုက RAM/Storage ပမာဏတွေ ဖြစ်ပါတယ်။

Mi 10T အတွက် Cosmic Black နဲ့ Lunar Silver ၂ ရောင် ထုတ်လုပ်ထားပြီး 6/128GB အတွက် ယူရို ၅၀၀ နဲ့ 8/128GB အတွက် ယူရို ၅၅၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇ သိန်း ၇ သောင်းနဲ့ ၈ သိန်းခွဲလောက် အသီးသီး ကျသင့်မှာပါ။ Mi 10T Pro အတွက် Cosmic Black , Lunar Silver နဲ့ Aurora Blue ၃ ရောင်ထုတ်လုပ်ထားပြီး 8/128GB ကို ၆၀၀ ယူရိုနဲ့ 8/256GB ကို ၆၅၀ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၉ သိန်း ၂ သောင်းနဲ့ ၁၀ သိန်းလောက် အသီးသီး တန်ကြေးရှိပါတယ်။ ဥရောပမှာ မကြာခင် ရောင်းမှာပါ။

Ref : gsmarena