Xiaomi Mi 7 စမတ်ဖုန်းဟာ အခုအချိန်မှာ Mi Mix 2S နဲ့ Mi Black Shark Gaming စမတ်ဖုန်းတွေထွက်ရှိလာတဲ့နောက်မှာ ပုံမှန်ပထမနှစ်ဝက်မှာ ထွက်ရှိထားတဲ့အစား ဒုတိယနှစ်ဝက်ကြမှပဲထွက်ရှိလာလိမ့်မယ်လို့ ယူဆထားကြပါပြီ၊ အခုလိုမျိုး Mi 7 ကို စောင့်နေတဲ့သူတွေအတွက်ကတော့ စိတ်မကောင်းစရာသတင်းပေမယ့် စောင့်ရတာတန်တဲ့ Feature တစ်ခုကို Xiaomi က Mi 7 စမတ်ဖုန်းမှာ ထည့်သွင်းလာတော့မှာပါ။

အဲ့ဒါကတော့ Apple iPhone X မှာထည့်သွင်းထားသလိုမျိုးပဲ တူညီတဲ့ Face ID စနစ်ကို Xiaomi က Mi 7 စမတ်ဖုန်းမှာ ထည့်သွင်းလာမှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Xiaomi က Android စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ ပထမဆုံးသော Face ID စနစ်ကို အသုံးပြုနိုင်တဲ့သူဖြစ်လာမှာပါ။

အဲ့ဒီအတွက် ယခင်တုန်းက Android စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ Apple ရဲ့ Face ID စနစ်ကို မှီနိုင်ဖို့ ၂ နှစ်လောက်ကြိုးစားဖို့ လိုဦးမယ်ဆိုတဲ့ ပြောစကားတွေကို Xiaomi က ချိုးဖျက်လိုက်တဲ့ပုံပါပဲ။ အခုလိုမျိုး Mi 7 စမတ်ဖုန်းမှာ Face ID စနစ်ကိုထည့်သွင်းဖို့အတွက် Xiaomi က Qualcomm ၊ Himax Technologies နဲ့ Truly Opto-electronics ကုမ္ပဏီတွေနဲ့ ပူးပေါင်းခဲ့ရတယ်လို့လည်း သိရပါတယ်။ အခု Face ID စနစ်အသစ်ဟာလည်း Qualcomm ရဲ့ Snapdragon 845 Processor နဲ့ပဲ အလုပ်လုပ်ဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Samsung အနေနဲ့ကတော့ အခုအချိန်အထိ Under-Display Fingerprint Scanner ကို ပြုလုပ်နိုင်ခြင်းမရှိသေးသလို Face ID ကိုလည်း ယခုနှုန်းအတိုင်းဆိုရင် 2019 ခုနှစ်အထိ ထည့်သွင်းနိုင်မှာမဟုတ်ဘူးလို့ ယူဆရပါတယ်။

Xiaomi Mi 7 စမတ်ဖုန်းဟာ ယခုနှစ် နှစ်ဝက်နောက်ပိုင်းမှာ ထွက်ရှိလာမှာဖြစ်တဲ့အပြင် ထွက်ရှိလာတဲ့အချိန်မှာလည်း အလန်းစား Feature တွေနဲ့ ဖြစ်နေမှာပါ။