Stock Android ဗားရှင်းကို နှစ်ခြိုက်သူတွေအတွက် စိတ်မကောင်းစရာ သတင်းအနေနဲ့ Xiaomi ဟာ Android One အစီအစဉ်ကို ရပ်တန့်တော့မယ်လို့ ကြားသိရပါတယ်။ သူ့ရဲ့ Mi A စီးရီးဟာ အနောက်တိုင်းစျေးကွက်မှာ Stock ဗားရှင်း Android OS နဲ့ ဆွဲဆောင်မှုရှိတဲ့ စျေးနှုန်းတို့ကြောင့် အောင်မြင်နေချိန်မှာ အခုလို သတင်းထွက်လာခဲ့တာပါ။

ဒါ့ကြောင့် စမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ Custom UI တွေမပါတဲ့ Android သန့်သန့်ကို သုံးစွဲချင်သူတွေ အားထားစရာ Xiaomi A စီးရီးကတော့ သူ့ရဲ့ ဆွဲဆောင်မှုတစ်ခုကို လွှတ်ချလိုက်တယ်လို့ ဆိုရမှာပါ။

ဒါပေမယ့် ကုမ္ပဏီက Android One သုံးစွဲမှု ရပ်တန့်ဖို့ပဲ ကြေညာသေးတာ ဖြစ်တာကြောင့် Mi A4 ကို မြင်ရဖို့ မျှော်လင့်ချက် လုံးဝ ကုန်ဆုံးသွားတာတော့ မဟုတ်သေးပါဘူး။ အခုလို ရပ်တန့်လိုက်တဲ့ အကြောင်းပြချက်ကိုလည်း မသိရသေးပေမယ့် Android One Program ရဲ့ အဓိက ဆွဲဆောင်ချက်က လျှင်မြန်တဲ့ Update အသစ် ရရှိမှုနဲ့ ကြာရှည်ထောက်ပံ့ပေးခြင်း တို့ဖြစ်ပေမယ့် Xiaomi အနေနဲ့ Update မြန်မြန်ဆန်ဆန် ထုတ်ပေးဖို့ အခက်ကြုံရလေ့ ရှိတာကြောင့် ဖြစ်နိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက Android One အစီအစဉ်မှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ Motorola ဟာလည်း အခုချိန်မှာ OnePlus လို Custom Feature တွေ ထည့်သွင်းလာခဲ့ပြီ ဖြစ်တာမို့ Android One သီးသန့် မောင်းနှင်နေတာဟာ HMD Global ပဲ အဓိက ထုတ်လုပ်သူအဖြစ် ကျန်ရှိတော့မှာပါ။

Ref – GSMArena