Xiaomi က ပြီးခဲ့တဲ့ နှစ်မှာ ကုမ္ပဏီရဲ့ ပထမဆုံး MiReader အမည်ရ Ebook Reader ကို ကြေညာခဲ့ပါတယ်။ အဲဒီ ထုတ်ကုန်ကို တရုတ်မှာပဲ ရောင်းချခဲ့ပြီး အခုတော့ Mi Ebook Reader အမည်နဲ့ နိုင်ငံတကာမှာ ရောင်းချတော့မယ်လို့ ထင်ပါတယ်။

Mi Ebook Reader ကို Bluetooth SIG ရဲ့ ဒေတာဘေ့စ်မှာ တွေ့လာရပြီး ဒီလ ၂၃ ရက်နေ့က Bluetooth Certification ရထားပြီးပါပြီ။ ဒေတာဘေ့စ်မှာ Bluetooth 5.0 ဆက်သွယ်မှု ပါမယ်လို့ ဖော်ပြထားပါတယ်။

Xiaomi ဟာ အခုနောက်ပိုင်း တရုတ်ပြင်ပမှာ စမတ်ဖုန်း မဟုတ်တဲ့ ထုတ်ကုန်တွေကို တိုးချဲ့ ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်  အနည်းငယ်က Mi Portable Electric Air Compressor ကို အိန္ဒိယမှာ ရောင်းချခဲ့ပြီး တရုတ်မှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတည်းက ရောင်းပေးထားတာပါ။ Mi Notebook PC တွေကိုလည်း တရုတ် ပြင်ပမှာ ရောင်းချပေးထားပါတယ်။ အဲဒီအတွက် Ebook Reader ကို တရုတ် ပြင်ပမှာ ရောင်းမှာ မထူးဆန်းပါဘူး။

MiReader မှာ ၆ လက်မ E-ink မျက်နှာပြင် တပ်ဆင်ထားပြီး 221 PPI ရှိပါတယ်။ 24 Level Adjustable Front-lit LED ပါတဲ့အတွက် အမှောင်ထဲမှာတောင် စာဖတ်နိုင်ပါတယ်။ Allwinner Processor နဲ့အတူ 1GB RAM , 16GB Storage ထည့်ထားပါတယ်။ Ebook Reader ဟာ epub, PDF, DOC, XLS, TXT နဲ့ PDF အပါအဝင် ဖိုင်ဖော်မက်များစွာကို ထောက်ပံ့ပါတယ်။ User တွေက သူတို့ ဖိုင်တွေကို ထည့်သွင်းနိုင်ပါသေးတယ်။ Mi Ebook Reader ကို ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina