Xiaomi ရဲ့ Mi Max Series စမတ်ဖုန်းတွေက ကြီးမားတဲ့ Display နဲ့ များပြားတဲ့ Battery ပမာဏကြောင့် သုံးစွဲသူတွေကြားထဲမှာ ရေပန်းစားပြီး အောင်မြင်နေတဲ့ဖုန်းတွေဖြစ်ပါတယ်။ အခုအချိန်မှာ Mi Max နဲ့ Mi Max 2 ဖုန်းတွေထုတ်လုပ်ခဲ့ပြီးဖြစ်သလို Mi Max 3 ရဲ့ သတင်းတွေလည်း စတင်ထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ Mi Max 2 စမတ်ဖုန်းဟာဆိုရင် 6.4″ Display ပါဝင်ပြီး Snapdragon 625 CPU, 5300mAh Battery တွေပါဝင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဈေးကွက်ထဲမှာလည်း အသုံးပြုသူအများဆုံးဖြစ်နေတဲ့ဖုန်းတစ်ခုဆိုတာကို ငြင်းပယ်လို့မရပါဘူး။

အခုထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Xiaomi က Mi Max 3 စမတ်ဖုန်းကို အခုထက်ပိုပြီးကောင်းမွန်အောင်ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် Mi Max 3 စမတ်ဖုန်းမှာ ဖုန်းရဲ့ အရှေ့မျက်နှာစာတစ်ခုလုံးကို နေရာယူထားတဲ့ ကြီးမားတဲ့ 7″ Full HD+ 18:9 Full View Display ပါဝင်မယ်လို့ သတင်းတွေထွက်နေတာကြောင့်ပဲဖြစ်ပါတယ်။ ကြီးမားတဲ့ Screen ပါဝင်ပေမယ့် ဘေးဘောင်တွေသေးငယ်တဲ့ 18:9 FullView Display ကြောင့် Mi Max 2 နဲ့ အရွယ်အစားတူတူပဲလို့ သိရပါတယ်။

ဒါ့အပြင် Mi Max 3 ဖုန်းမှာ Battery ကိုလည်း 5500mAh အထိအဆင့်မြှင့်တင်လာမှာဖြစ်ပြီးတော့ Performance ပိုင်းအတွက် Snapdragon 630 CPU သုံးထားတဲ့ Version နဲ့ အမြင့်ပိုင်းအတွက် Snapdragon 660 CPU သုံးထားတဲ့ Version ၂ မျိုးကို ရောင်းချသွားမယ်လို့ သိရပါတယ်။

Xiaomi Mi Max 3 ကို အခုသိရတဲ့သတင်းတွေအရတော့ နောက်နှစ် ၂၀၁၈ ခုနှစ် အစောပိုင်းမှာ ကြေငြာသွားမယ်လို့ သိရပါတယ်။ Mi Max Fan တွေအတွက်ကတော့ သတင်းကောင်းတစ်ခုပါ။