Xiaomi ကုမ္ပဏီဟာ အိန္ဒိယဈေးကွက်အတွက် ပထမဆုံး Xiaomi Ultrabook များအဖြစ် Mi Notebook 14 နဲ့ 14 Horizon Edition တို့ကို မိတ်ဆက်လိုက်ပါတယ်။ Mi Notebook အသစ်နှစ်ခုစလုံးမှာ 14” Display, မဂ္ဂနီစီယံ – အလူမီနီယံ သတ္ထုစပ်ကိုယ်ထည်တို့နဲ့အတူ 10th Gen Intel CPU တွေကိုပါ အသုံးပြုလာတာ တွေ့ရပါတယ်။

Mi Notebook 14 မော်ဒယ်နှစ်မျိုးလုံးမှာ Anti-Glare FHD LCD Panel တွေအသုံးပြုထားပြီး Aspect Ratio က 16:9 ဖြစ်ပါတယ်။ Horizon Edition မှာ ပိုသေးတဲ့ 3mm Bezel တွေပါဝင်တာကြောင့် Screen-to-body အချိုးက 91% ထိ ရှိတယ်။ ဒါပေမယ့် Bezel ဘောင်တွေကို ပါးလွှာအောင် ပြုလုပ်ထားတာကြောင့် Built-in Webcam ထည့်သွင်းဖို့နေရာမရှိဘဲ Xiaomi ဟာ Mi Notebook 14 တိုင်းအတွက် Mi Webcam HD နဲ့တွဲဖက်ပေးထားပါတယ်။

ပုံမှန် Mi Notebook 14 ကတော့ အနည်းငယ်ပိုကြီးတဲ့ Bezel ဘောင်တွေပါဝင်ပေမယ့် အလေးချိန် 1.5kg သာ ရှိတာကြောင့် Compact အဆင့်ပဲဖြစ်ပြီး Horizon Edition ကတော့ 1.35kg သာလေးပါတယ်။ နှစ်မျိုးလုံးမှာ စတီရီယို စပီကာတွေကို အောက်ဘက်မှာ နေရာချထားပါတယ်။

အတွင်းပိုင်းမှာတော့ ရိုးရိုး Mi Notebook 14 ဟာ 10th Gen Intel Core i5-102101U CPU အသုံးပြုထားပြီး ဂရပ်ဖစ်အတွက် Intel UHD 620 နဲ့ Nvidia GeForce MX250 နှစ်ခုကြား ရွေးချယ်နိုင်ပါတယ်။ Horizon Edition မှာတော့ Core i7-10510U နဲ့ Nvidia GeForce MX350 GPU ဖြစ်ပါတယ်။ လက်တော့နှစ်ခုလုံးမှာ 8GB DDR4 RAM နဲ့ 256/512GB SATA SSD Storage တွေ ရရှိနိုင်မှာပါ။

I/O ပိုင်းမှာတော့ USB 3.1 Port နှစ်ခု၊ USB 2.0 Port တစ်ခု၊ HDMI နဲ့ Type-C Port တွေ ပါဝင်တယ်။ Headphone Jack နဲ့ အားသွင်းပေါက်လည်း မပါမဖြစ် ပါဝင်ပါတယ်။ Mi Notebook 14 နှစ်ခုလုံးမှာ 46Wh ဘက္ထရီတွေဖြစ်ပြီး ဆယ်နာရီထိ အသုံးပြုနိုင်မှာပါ။ 65W အားသွင်းကြိုးတွေက ဘက္ထရီအား 50% ပြည့်ဖို့ နာရီဝက်သာ အားသွင်းရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Xiaomi အမာခံပရိသတ်တွေအတွက် Mi Band ကနေ Unlock ပြုလုပ်နိုင်တဲ့ Mi Blaze Unlock စနစ်နဲ့ Xiaomi ဖုန်းတွေကနေ File Transfer မြန်ဆန်စွာပြုလုပ်နိုင်တဲ့ Mi Smart Share ပါ ထည့်သွင်းထားတယ်။ Mi Notebook 14 စီးရီးဟာ Windows 10 Home နဲ့ဖြစ်ပြီး Office 365 အခမဲ့သုံးစွဲခွင့်တစ်လပါရှိပါတယ်။

Mi NoteBook 14 အခြေခံမော်ဒယ် (256GB ဗားရှင်း) ဟာ အိန္ဒိယရူပီး ၄၁,၉၉၉ (မြန်မာငွေ ၇ သိန်း ၇ သောင်း) ကျသင့်မှာဖြစ်ပြီး 512GB ဗားရှင်းကတော့ ရူပီး ၄၄,၉၉၉ (ကျပ်ငွေ ၈ သိန်း ၃ သောင်း) သတ်မှတ်ထားပါတယ်။ Horizon Edition ကတော့ Core i5 ဗားရှင်းကို ရူပီး ၅၄,၉၉၉ (မြန်မာငွေ ဆယ်သိန်းဝန်းကျင်) နဲ့စတင်ပြီး i7 ဗားရှင်းကတော့ ရူပီး ၅၉,၉၉၉ (မြန်မာငွေ ၁၁ သိန်းကျော်) ထိ ကျသင့်စေမှာပါ။

Ref – GSMArena