Xiaomi ဟာ တရုတ်ဉာဏမူပိုင်ခွင့်ဆိုင်ရာအသင်းဆီ Phone Case ပုံစံဒီဇိုင်းတစ်ခုကို မူပိုင်ခွင့် လျှောက်ထားခဲ့ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် သာမန် Phone Case လို့ထင်ရပေမယ့် ကြိုးမဲ့အားသွင်းခြင်းနဲ့ သက်ဆိုင်တဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ပါဝင်နေတာကို တွေ့ရပါတယ်။

အိန္ဒိယရဲ့ 91 Mobile ကဖော်ပြထားတာတော့ Xiaomi ရဲ့ Phone Case ဟာ စမတ်ဖုန်းကိုအသုံးပြုပြီး True wireless Earbuds ကို အားသွင်းပေးနိုင်တဲ့ ဒီဇိုင်းအဖြစ် တည်ဆောက်ထားတယ်ဆိုတာပါပဲ။ ဒီလိုလုပ်ဆောင်ဖို့အတွက် စမတ်ဖုန်းရဲ့ Reverse charge feature ကို အသုံးပြုမှာဖြစ်ပြီး လုံးဝကို ကြိုးမဲ့စနစ်ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။

မူပိုင်ခွင့်ရဲ့ ဖော်ပြချက်မှာ “ဖော်ပြပါ ဒီဇိုင်းပုံစံနဲ့ထုတ်ကုန်ဟာ မိုလ်ဘိုင်းဖုန်းမှာတပ်ဆင်နိုင်သလို၊ နားကြပ်ကိုလည်းသိမ်းဆည်းနိုင်ပြီး၊ အားလည်းသွင်းနိုင်တယ်” လို့ ရေးသားထားပါတယ်။ မူပိုင်ခွင့်ဒီဇိုင်းရုပ်ပုံကိုကြည့်ရင်လည်း ကျောဘက်မှာ ကြိုးမဲ့နားကြပ်တစ်စုံကို သိမ်းဆည်းထားဖို့ နေရာလုပ်ထားတာ တွေ့မြင်နိုင်ပါတယ်။

ဒါကြောင့် နားကြပ်ကို Case ရဲ့ ကျောဘက်က သီးသန့်နေရာထဲ ထည့်သွင်းထားချိန်မှာ အားသွင်းနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ နည်းလမ်းကတော့ Reverse Wireless Charging နည်းပညာနဲ့ပါ။ လက်ရှိအချိန်မှာတော့ ဒီလုပ်ဆောင်မှုကို ထောက်ပံ့ပေးတဲ့ Xiaomi ဖုန်းမရှိသေးပါဘူး။ ဒါကြောင့် လက်ရှိ Xiaomi AirDots earbuds နဲ့ စမတ်ဖုန်းတွေအတွက် မဟုတ်ဘူးလို့ ယူဆရပါတယ်။

ဒီ Phone Case မူပိုင်ခွင့်ကြောင့် Xiaomi အနေနဲ့ Reverse Wireless Charging ပါဝင်တဲ့ စမတ်ဖုန်းတွေနဲ့ Wireless Charging ထောက်ပံ့ထားတဲ့ နားကြပ်တွေ ထုတ်လုပ်ရောင်းချဖွယ်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် မူပိုင်ခွင့်လျှောက်ထားမှုတိုင်းက တကယ့်ထုတ်ကုန်ဖြစ်လာကြတာမဟုတ်တဲ့အချက်ကိုလည်း မေ့လို့မဖြစ်ပါဘူး။

Ref: Gizmochina