Xiaomi SU7 EV ဟာ စမတ်ဖုန်းကုမ္ပဏီတစ်ခုအနေနဲ့ ပထမဆုံးတရားဝင်စျေးကွက်ထဲမှာ မိတ်ဆက်ရောင်းချခဲ့တဲ့ EV လျှပ်စစ်ကားတစ်စီးဖြစ်ပါတယ်။ Xiaomi SU7 ကို စတင်မိတ်ဆက်လိုက်တည်းက ဆက်တိုက်ကို လူစိတ်ဝင်စားမှုတွေရရှိခဲ့သလို ဝယ်ယူမှုအမှာစာတွေလည်း အလွန်မြင့်တက်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။

အခုလည်း Xiaomi ကနေ စတင်ရောင်းချတဲ့ ပထမဆုံးလဖြစ်တဲ့ ဧပြီလအတွင်းမှာ ဝယ်ယူသူတွေဆီကို Xiaomi SU7 အစီးရေ ၇,၀၅၈ စီးခန့် တင်ပို့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် Xiaomi ဘက်ကနေ အစောပိုင်းမှာ ခန့်မှန်းထားတဲ့ ဇွန်လကနေစတင်ပြီး တစ်လကို အစီးရေ ၁၀,၀၀၀ ခန့်တင်ပို့နိုင်ဖို့ဆိုတာက ပြည့်မှီသွားပြီဖြစ်ပါတယ်။

Xiaomi SU7 EV ဟာ လောလောဆယ်မှာ ဝယ်ယူသူတွေရဲ့ အမှာစာပေါင်း ၈၈,၀၀၀ ကျော်ရရှိထားပြီးဖြစ်သလို ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး ထုတ်လုပ်မှုပိုင်းမှာပါ ခန့်မှန်းထားသလို ထုတ်လုပ်နိုင်တာက နောက်ပိုင်းမှာ Xiaomi ဟာ EV စျေးကွက်မှာ ပိုမိုအောင်မြင်လာနိုင်တဲ့ အလားအလာတွေအများကြီးရှိနေပါတယ်။

Xiaomi SU7 EV လျှပ်စစ်ကားဟာ Model ၃ မျိုးမိတ်ဆက်ထားပြီး Standard အပြင် Luxury ပိုင်းနဲ့ Performance ပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ Pro နဲ့ Max ဆိုပြီး ခွဲခြားထားတာဖြစ်ပါတယ်။ Xiaomi ဟာ လောလောဆယ်မှာ တစ်နှစ်ကို အစီးရေ ၁၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်မယ့် စတုရန်းမီတာ ၇၂၀,၀၀၀ ရှိတဲ့ စက်ရုံကနေ ထုတ်လုပ်နေတာဖြစ်ပြီး နောက်ပိုင်းမှာ တစ်နှစ်ကို အစီးရေ ၃၀၀,၀၀၀ အထိ ထုတ်လုပ်နိုင်အောင် မျှော်မှန်းနေတယ်လို့ သိရပါတယ်။

Ref – Arena EV