Xiaomi က ပြီးခဲ့တဲ့နှစ်တုန်းက ကိုယ်ပိုင် Surge S1 Processor အသုံးပြုထားတဲ့ Mi 5c စမတ်ဖုန်းကိုထုတ်လုပ်ခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့တာကို လူတိုင်းအသိပဲဖြစ်မှာပါ။ ဒါပေမယ့် Xiaomi ကတော့ ကိုယ်ပိုင် Processor တွေ ထုတ်လုပ်မှုကို ရပ်တန့်ဖို့အစီအစဉ်မရှိတဲ့ပုံပါပဲ။

ဘာဖြစ်လို့လည်းဆိုရင် လက်ရှိသိရှိရတဲ့သတင်းတွေအရ Xiaomi ကနေ TSMC 16nm Process အပေါ်အခြေခံပြီးတော့ Surge S2 Processor ကို နောက်လမှာကျင်းပမယ့် Mobile World Congress Event မှာ ပြသသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ Processor ကို Xiaomi ရဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ Mi 6X စမတ်ဖုန်းမှာ အသုံးပြုလာဦးမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အဆိုပါ Surge S2 Processor ဟာ Octa Core CPU တစ်ခုဖြစ်ပြီးတော့ Clock Speed အနေနဲ့ 2.2Ghz နဲ့ မောင်းနှင်မှာဖြစ်ပါတယ်။ GPU ကိုလည်း ယခင် Surge S1 Processor ထက်အများကြီးပိုအဆင့်မြင့်တဲ့ Mali-G71 MP8 GPU ကိုပြောင်းလဲ အသုံးပြုလာမယ်လို့ သိရပါတယ်။

ဒါပေမယ့် Xiaomi အနေနဲ့ အခုလိုမျိုး ကိုယ်ပိုင် Processor အသစ်ကိုထုတ်လုပ်လာပေမယ့် Mi 6X စမတ်ဖုန်းမှာပဲ တပ်ဆင်လာမှာဖြစ်ပြီးတော့ အခြားသော စမတ်ဖုန်းတွေမှာတော့ အသုံးပြုလာဦးမှာမဟုတ်ပါဘူး။