Xiaomi က ပြီးခဲ့တဲ့နှစ်တွေထဲက India ဈေးကွက်ကို အာရုံစိုက်နေပြီးတော့ Redmi Note 3 ၊ Redmi Note 4 စတဲ့စမတ်ဖုန်းတွေဟာ စံချိန်တင်ရောင်းအားကောင်းခဲ့တာပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ Xiaomi ဟာ India ဈေးကွက်ကို အပိုင်စီးထားတဲ့ Samsung ကိုတောင် ကျော်တက်သွားပြီး ဈေးကွက်ရှယ်ယာ ၂၇ ရာခိုင်နှုန်းနဲ့ ပထမနေရာကို ရရှိသွားတာဖြစ်ပါတယ်။ အခုရလဒ်ဟာ Samsung ရဲ့ ဈေးကွက်ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ကျော်သွားတယ်ဆိုပေမယ့် သိသိသာသာကျော်တက်သွားတာမျိုးတော့မဟုတ်သေးပါဘူး။

အခုလိုမျိုး Samsung က ဒုတိယနေရာကို ရောက်ရှိသွားတာက Samsung ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရောင်းအားသိသိသာသာကျဆင်းသွားပြီး အဲ့ဒီအချိန်မှာ Xiaomi က ပိုမိုရောင်းချရခဲ့တာကြောင့်လို့ ပြောလို့ရပါတယ်။

India ဈေးကွက်ကို လက်ရှိဦးဆောင်နေတဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေက Xiaomi နဲ့ Samsung ပြီးရင် Vivo ၊ Oppo နဲ့ Lenovo တို့ပဲဖြစ်ပြီး အခုစမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ Xiaomi ရဲ့ တိုးတက်လာမှုက အမြန်ဆန်ဆုံးလို့ပြောလို့ရပါတယ်။