လက်ရှိအချိန်မှာ တရုတ်နိုင်ငံတွင်းစမတ်ဖုန်းကုမ္ပဏီတွေအတော်များများဟာ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ လျှပ်စစ်ကား (EV) စျေးကွက်ကိုပါ ဝင်ရောက်ဖို့ ကြိုးစားနေကြပါတယ်။ အဲ့ဒီကုမ္ပဏီတွေထဲမှာ လူစိတ်ဝင်စားမှုအများဆုံးက Xiaomi ပဲဖြစ်ပြီး လာမယ့် ၂၀၂၄ ခုနှစ်မှာ ပထမဆုံး လျှပ်စစ်ကားဖြစ်တဲ့ Xiaomi SU7 ကို မိတ်ဆက်ရောင်းချတော့မှာဖြစ်ပါတယ်။

အဆိုပါ Xiaomi SU7 လျှပ်စစ်ကားဟာ ဆလွန်းကားအမျိုးအစားဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းက Xiaomi ကနေ ဒီဇိုင်းပုံစံအပြင် မော်ဒယ် (၃) မျိုး မိတ်ဆက်သွားမယ်ဆိုပြီး သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်အထိ Xiaomi SU7 လျှပ်စစ်ကားကို လမ်းမပေါ်မှာ စမ်းသပ်မောင်းနှင်နေမှုတွေကို ဆက်တိုက်မြင်တွေ့နေရတာကြောင့် မကြာခင်မှာ တရားဝင်မိတ်ဆက်နိုင်ခြေများနေပြီလို့ ဆိုရမှာပါ။


အခုလည်း Xiaomi ဟာ အဆိုပါ Xiaomi SU7 အပြင် နောက်ထပ် မော်ဒယ် (၂) မျိုးကိုပါ ထပ်မံမိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ ဒါက Xiaomi SU7 ဟာ Battery Electric Vehicle (BEV) အမျိုးအစားဖြစ်ပြီး လျှပ်စစ်ကားသီးသန့်ဖြစ်ပါတယ်။ ဒီလိုမျိုး BEV အမျိုးအစား နောက်ထပ် လျှပ်စစ်ကား မော်ဒယ်တစ်မျိုးကို Xiaomi က ထပ်မံမိတ်ဆက်ဖို့ ရှိနေတာပဲဖြစ်ပါတယ်။

အဆိုပါ BEV လျှပ်စစ်ကားမော်ဒယ်အသစ်တစ်မျိုးအပြီးမှာ နောက်ထပ် Extended-Range Electric Vehicle – (EREV) သို့မဟုတ် Plug-in Hybrid (PEV) အမျိုးအစား မော်ဒယ်အသစ်ကို မိတ်ဆက်သွားဦးမှာဖြစ်ပြီး Codename အနေနဲ့ Kunlun လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ ဒီလိုမျိုး Hybird လျှပ်စစ်ကားဖြစ်တဲ့အတွက် Kunlun ဟာ လောင်စာဆီသုံးအင်ဂျင်နဲ့ လျှပ်စစ်မော်တာတွေကို တွဲဖက်အသုံးပြုလာမှာဖြစ်ပြီး သာမန် လျှပ်စစ်ကားတွေထက် စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

လောလောဆယ်မှာ Xiaomi ကနေ အရင်ဆုံး Xiaomi SU7 လျှပ်စစ်ကားကို ယခုဒီဇင်ဘာလအတွင်းမှာအမြောက်အများစတင်ထုတ်လုပ်မှာဖြစ်ပြီး လာမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ တရားဝင်မိတ်ဆက်နိုင်ဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

Ref – ArenaEV