Xiaomi ဟာ လာမယ့် ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ကုမ္ပဏီအတွက် ပထမဆုံး EV လျှပ်စစ်ကားဖြစ်လာမယ့် Xiaomi SU7 ကို တရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အခုခန့်မှန်းထားတဲ့သတင်းတွေအရ Xiaomi ကနေ လာမယ့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီလိုမျိုး မိတ်ဆက်တဲ့အချိန်မှာ လုံလောက်အောင် ရောင်းချနိုင်ဖို့အတွက် Xiaomi ဘက်ကနေ အခုအချိန်က စတင်ပြီး Xiaomi SU7 EV လျှပ်စစ်ကားတွေကို အမြောက်အများစတင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။ ထပ်မံပေါက်ကြားလာတဲ့အတွင်းပိုင်းသတင်းတွေအရ Xiaomi ကနေ ယခုဒီဇင်ဘာလအတွင်းမှာ ကားအစီးရေ ၃၀၀ အထိ တပ်ဆင်ထုတ်လုပ်သွားဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် ယခုလအတွင်းထုတ်လုပ်သွားမယ့် Xiaomi SU7 EV ကားတွေဟာ သုံးစွဲသူတွေကို ရောင်းချသွားဖို့ ရည်ရွယ်ထားမှာမဟုတ်သေးပါဘူး။ အဲ့ဒီအစား တရုတ်နိုင်ငံပြည်တွင်းမှာရှိတဲ့ Xiaomi Showroom တွေနဲ့ တခြားသော Store တွေမှာ ပြသထားနိုင်ဖို့အတွက် ဦးဆုံးထုတ်လုပ်နေတာပဲဖြစ်ပါတယ်။

ဒါကြောင့် အသုံးပြုသူတွေရောင်းချဖို့အတွက် Xiaomi SU7 EV ကားတွေကို လာမယ့် ၂၀၂၄ ခုနှစ်မှ စတင်ထုတ်လုပ်နိုင်ဖွယ်ရှိနေပြီး လောလောဆယ်မှာ ထုတ်လုပ်မှုပိုင်းမှာ အခက်အခဲတွေကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကားရဲ့ System ပိုင်းမှာ ကြီးမားတဲ့ Issue တွေရှိနေသေးတာကြောင့် Software Update နဲ့ ပြင်ဆင်သွားဖို့လည်း အခုမှဆောင်ရွက်နေဆဲဖြစ်ပါတယ်။

Xiaomi ဟာ စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ ပထမဆုံးအနေနဲ့ ကိုယ်ပိုင် Brand နာမည်ကို အသုံးပြုပြီး EV လျှပ်စစ်ကား ထုတ်လုပ်ရောင်းချမယ့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခု Xiaomi SU7 EV အပြင် နောက်ထပ် Model ၂ မျိုးကိုပါ မိတ်ဆက်သွားဖို့စီစဥ်နေတယ်လို့လည်း သတင်းထွက်ရှိထားပါတယ်။ ဒါပေမယ့် အခုမှစတင်ပြီး EV စျေးကွက်ထဲကို ဝင်ရောက်ရတဲ့အတွက် အရည်အသွေးပိုင်းမှာ တခြားစျေးကွက်ထဲက နာမည်ရ EV ကားတွေနဲ့ ယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Arena EV