Apple Podcasts ကို အသုံးပြုဖူးတယ်ဆိုရင် ကိုယ် ကြိုက်နှစ်သက်တဲ့ Podcast ကို Rating ပေးနိုင်တာကို သိပြီးဖြစ်မှာပါ။ ဒါက Podcast နားထောင်တဲ့သူတွေရော၊ Creator တွေအတွက်ပါ Feedback ကို အလွယ်ကူဆုံးသိရှိနိုင်တဲ့အချက်ဖြစ်တာကြောင့် တော်တော်လေးကို အဆင်ပြေနေတာဖြစ်ပါတယ်။

အခုလည်း Spotify ကနေ သူ့ရဲ့ Podcast Feature အတွက် အလားတူ Rating စနစ်ကို ထည့်သွင်းပေးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် နားဆင်သူတွေဟာ အနည်းဆုံး စက္ကန့် ၃၀ ခန့် နားထောင်ပြီးပြီဆိုရင် Rating ပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး Rating ပြုလုပ်သူ အနည်းဆုံး ၁၀ ဦးနဲ့အထက် ရှိနေပြီဆိုရင်တော့ အဆိုပါ Podcast ရဲ့ Rating ကို တရားဝင်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Spotify ရဲ့ ပြောကြားချက်အရတော့ ယခု Feature အသစ်ဟာ နားဆင်သူတွေကို Podcast အသစ်ကို နားထောင်ဖို့လိုက်ကြည့်တဲ့အချိန်မှာ ပိုပြီး လွယ်ကူလာမှာဖြစ်ပြီး Rating ကောင်းမွန်တယ်ဆိုရင် နားထောင်သူအသစ်တွေရရှိလာဖို့ ပိုပြီး အခွင့်အလမ်းများမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Spotify ဟာ Podcast Creator တွေကိုလည်း အခုလိုမျိုး နားဆင်သူတွေကို Rating ပေးသွားဖို့ ပြောပေးဖို့ကို နိူးဆော်နေတာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ Spotify ဟာ လက်ရှိအချိန်မှာ Podcast ပိုင်းမှာ လူသုံးအများဆုံး App တစ်ခုမဟုတ်နေသေးတာကြောင့် ပိုပြီးအောင်မြင်လာအောင် ဆောင်ရွက်နေတာဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Spotify မှာ နားထောင်ဖြစ်တဲ့ Podcast တွေထဲက အကြိုက်ဆုံး Podcast တွေရှိတယ်ဆိုရင် အခုပဲ Rating ပြုလုပ်နိုင်ပါပြီ။

Ref – The Verge