Music Videos တွေကို ကြည့်ချင်တာပဲဖြစ်ဖြစ်၊ အခြား ရုပ်ရှင်တွေ၊ ဗီဒီယိုအတိုတွေ၊ ရုပ်ရှင် Trailer တွေကိုပဲ ကြည့်ချင်တာပဲဖြစ်ဖြစ် YouTube က ထိပ်ဆုံးကနေ စဉ်းစားမိတဲ့ Service တစ်ခုဖြစ်မှာပါ။ အခုနောက်ပိုင်းမှာ Facebook မှာလည်း Videos တွေတင်တာ ခေတ်စားလာပေမယ့် YouTube Videos တွေက အခုအချိန်အထိ အောင်မြင်နေတုန်းပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ YouTube ကနေ လစဉ် Google Account နဲ့ ဝင်ရောက်ပြီး ကြည့်ရှုနေတဲ့လူဦးရေ အရေအတွက်ကို ကြေညာခဲ့ပါတယ်။ အဆိုပါ ကြေညာချက်အရ YouTube ကို Account ဝင်ရောက်ပြီး လစဉ်ကြည့်ရှုတဲ့လူဦးရေက ၁.၈ ဘီလီယံအထိ ရှိနေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုအချိန်မှာ လူ ၇ ယောက်မှာ ၂ ယောက်လောက်က YouTube ကို ကြည့်ရှုနေကြတယ်ဆိုရင်လည်း မမှားပါဘူး။

YouTube ရဲ့ ယခုကြည့်ရှုနှုန်းက အလွန်များပြားတယ်ဆိုပေမယ့်လည်း ပြီးခဲ့တဲ့ နှစ် ၂၀၁၇ ခုနှစ် ဂျွန်လတုန်းက YouTube ကို ကြည့်ရှုသူ ၁.၅ ဘီလီယံရှိနေတဲ့အတွက် အခုလိုမျိုး ၁ နှစ်မပြည့်ခင်အချိန်အတွင်းမှာ ၀.၃ ဘီလီယံတက်သွားတာပဲဖြစ်ပါတယ်။

အခုသတင်းကို YouTube ရဲ့ CEO Susan Wojcicki ကနေ YouTube Broadcast Presentation မှာပြောကြားသွားခဲ့တာဖြစ်ပြီးတော့ YouTube ရဲ့ ရှေ့ဆက်သွားမယ့်အကြောင်းအရာတွေကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

YouTube ဟာ လက်ရှိအချိန်မှာ Web Browser မှာရော Mobile Browser မှာရော ဒီဇိုင်းပြောင်းလဲမှုတွေကို ပြုလုပ်နေတဲ့အပြင် YouTube Kids ၊ YouTube Music နဲ့ YouTube Red အစရှိတဲ့ Features တွေကိုပါ ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။